ကရင်ပြည်နယ် ဘားအံခရိုင် ကော့ရင်းအောက် ကျေးရွာအုပ်စုရှိ တောင်နှစ်တောင်ကို ဖြို၍ ထုံးကျောက်မှုန့်များ ထုတ်ယူပြီး ဘိလပ် မြေ စက်ရုံ ဆောက်မည့် ပုဂ္ဂလိက ကုမ္ပဏီအား ဒေသခံများက ကန့်ကွက်နေကြကြောင်း သတင်းရရှိသည်။
ဘိလပ်မြေ စက်ရုံ ဆောက်မည့် စိုးနိုင်ဖြိုး ကုမ္ပဏီ၏ လုပ်ကွက် ဧရိယာ ၃၂၀ ဧက တွင် လေထိတောင်၊ လှိုင်းကလေးတောင်၊ ဒေ သခံရွာ ၆ ရွာ၊ သာသနိက မြေနေရာများနှင့် လယ်မြေ အင်းအိုင်များ ပါဝင်နေကြောင်း ကန့်ကွက်မှုအား ဦးဆောင်နေသော ကော့ ရင်း အောက် ကျေးရွာ အုပ်စု မရင်းကုန်း ကျေးရွာကျောင်းတိုက် ဆရာတော် ဥူးဝီရိယ က ပြောသည်။
“စက်ရုံက တရားဝင်ပြောတာကတော့ ဧက ၃၂၀ ဆိုပေမယ့် တကယ်ထည့်တွက်ရင် ဖုန်းဆိုးမြေတွေ အပါအဝင်ဆိုရင် ဧက ၈၀၀ လောက် ရှိတယ်။ အခုထိကို စက်ရုံဘက်က လူတွေက ဒေသခံတွေနဲ့ လာမညှိဘဲနဲ့ သူတို့လာချင် သလိုလာ၊ လုပ်ခြင်သလို လုပ်နေ တယ်”ဟု ဆရာတော် က ဆိုသည်။
ထုံးကျောက် ထုတ်ယူရန် စီစဉ်ထားသော တောင်များနှင့် ဒေသခံများ၏ ရွာများက အလွန်နီးကပ်ကြောင်း၊ ယင်းတောင်များ အပေါ်ကနေ ဒေသအတွက် လိုအပ်သော ထင်း၊ ဝါးများ ခုတ်ယူ သုံးစွဲနေရခြင်းနှင့် အင်းများကနေ အသား၊ ငါးများ ရှာဖွေစားသောက် နေ ကြောင်းနှင့် လယ်မြေများတွင်လည်း စိုက်ခင်းများ စိုက်ပျိုးထားပြီး ဖြစ်သောကြောင့် ယခု စက်ရုံ ဆောက်မည့် စီမံကိန်းအား ကန့်ကွက် ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိကာလ၌ ပထမဆုံးအကြိမ် အဖြစ် ဒေသခံ အင်အား ၆၀၀ ခန့်က လတ်မှတ်ထိုးပြီး ကရင်ပြည်နယ်ဝန်ကြီးချူပ် နှင့် ခရိုင် အုပ်ချူပ်ရေးဌာနသို့ အသနားခံစာများ တင်ထားကြောင်းနှင့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးဝါ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်(ဘားအံမြို့) တို့က ဒေသခံများအား အကူအညီ ပေးနေသည်။
ယခုလ ၂ရက်နေ့က ဘားအံ ခရိုင် အထွေထွေ အုပ်ချူပ်ရေးဌာနကနေ ကေ့ာရင်းအောက်ကျေးရွာ အုပ်ချူပ်ရေးမှူး ထံသို့ ယင်း ဒေသ တွင် စိုးနိုင်ဖြိုး ကုမ္ပဏီကနေ ထုံးကျောက် ကုန်ကြမ်း ထုတ်ယူမည်ဖြစ်ကြောင်း အကြောင်းကြားစာများ ပို့ခဲ့သည်။
“ကုမ္ပဏီက ပထမ ဆင့်အနေနဲ့ မြေစာရင်းပုံစံ(၁၀၅)လျှောက်ထားတယ်၊ ဒေသခံတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေဖြစ်နေတာ ဟုတ်ပါတယ်။ ဒါကြောင့် ပြန်လည်စဉ်းစားကြဖို့အတွက် ကုမ္ပဏီနဲ့ဒေသခံတွေကို တွေ့ဆုံပြီး ညှိပေးဖို့ကို လတ်တလော ကုမ္ပဏီက ဘားအံမှာ မရှိဘူးဖြစ်နေတယ်”ဟု ဘားအံခရိုင် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးမြင့်ဝေ က ပြော သည်။
ယင်းကျေးရွာအုပ်စုများ အနီးတွင်လည်း မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် ပိုင်ဆိုင်သော ဘိလပ်မြေစက်ရုံ နှစ်ရုံရှိကြောင်း၊ ယင်း စက်ရုံနှစ်ရုံက ဒေသခံတို့၏ လယ်မြေများအတွင်း မြေကြီးများအား မြေတူးစက်များဖြင့် မကြာခဏ လာရောက်တူးယူသဖြင့် ချိုင့်ဝှမ်း များဖြစ်ပြီး စိုက်ပျိုးရေးလုပ်ရာတွင် အခက်ခဲဖြစ်နေရကြောင်း သိရသည်။
စိုးနိုင်ဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူတဦးက စက်ရုံဆောက်ရန်ကာလကို ၁၈ လ သတ်မှတ်ထားကြောင်း၊ ပြီးစီးသွားပါက ဒေသခံ ၅၅၀ ခန့် အလုပ်အကိုင်များ ရရှိမည် ဖြစ်ကြောင်း၊ တရက်လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်ယူနိုင်ကြောင်း နှင့် ထုံးကျောက် ထုတ် ရန် အတွက် တောင်များအား မိုင်းခွဲပါကလည်း အခြားလုပ်ငန်းခွင်များ ထက် အသံဆူညံမှု နည်းရန် နည်းပညာအသစ်များဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောသည်။
သို့သော် ကရင်ပြည်နယ် မြေယာ စုံစမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဝါ ကမူ ယခင်က ဒေ သခံများ အလုပ်အကိုင် ရရှိမည်ဟု ပြောခဲ့ပြီး အမှန်တကယ်တွင် အလုပ်ရရှိမှု နည်းနေကြောင်း၊ လူစိမ်းများ ဝင်လာခြင်းကြောင့် လူမှုရေးနှင့် အကျင့် စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေသည့် လုပ်ငန်းများ ရှိလာကြောင်း ပြောဆိုသည်။