အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးနည်းပညာ အကူအညီမှာ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်မှုနှင့်ချိန်ဆ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဧရာဝတီသတင်းဌာနက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်အနေဖြင့် အခြားနိုင်ငံများ၏ တပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှု များပြားခြင်းက ကောင်းမွန်ပြီး Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားရန် ရှိသည့်အပေါ် ကန့်ကွက်ရန် မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“Cobra Gold စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အန်တီနဲ့လည်း တိုင်ပင်ပါတယ်။ ဒီလိုဟာ လေ့လာရေးအနေနဲ့သွားတာက တရုတ်နိုင်ငံတောင်မှ သွားတာဆိုတော့ သိပ်ပြီးတော့ ဘယ်လိုမှ ကန့်ကွက်စရာ မရှိပါဘူး။ အန်တီတို့ တပ်မတော်အနေနဲ့ တတ်နိုင်သမျှ ပြင်ပတပ်မတော်တွေနဲ့ အထိအတွေ့ရှိတာ ကောင်းတယ်လို့ အန်တီမြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။
အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီများ ပေးလာမည်ဆိုပါက မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု ဧရာဝတီသတင်းဌာနက ဆက်လက်မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပီပြင်မှုနှင့်ချိန်ဆ လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း၊ လတ်တလော မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ တိုးတက်ရေးလမ်းက ခရီးမတွင်သေးကြောင်း ပြောဆိုသည်။
“အဲဒါတွေက သူ့အချိန်နဲ့သူတော့ ဖြစ်လာရမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်ရေးနဲ့ ချိန်ပြီးတော့မှ လုပ်ရမှာပေါ့။ အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုးတက်ရေးက လမ်းက သိပ်မှ မရောက်သေးဘဲ။ အဲဒါလည်း အားလုံးသိတဲ့ ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ ကာကွယ်ရေးနည်းပညာ အကူအညီများရယူရန် စဉ်းစားနေကြောင်း ယမန်နေ့ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီသတင်းဌာန၏မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့သည်။
ထိုင်း-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် မြန်မာနိုင်ငံက ပါဝင်လိုကြောင်း၊ အစီ အစဉ်၌ မြန်မာ ပါဝင်နိုင်ရန် ထိုင်းနိုင်ငံ၏ အကူအညီ ရယူလိုကြောင်း ဩဂုတ်လအတွင်း လာရောက်လည်ပတ်ခဲ့သောကထိုင်း ကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းတို့က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကလည်း မြန်မာကို ဖိတ်ရန် စဉ်းစားနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။ အင်အား တသောင်းကျော်ပါဝင်မည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မည်ဖြစ်သည့်အတွက် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများ အားလုံး သဘောတူညီမှုလိုကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားသည်။