ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးဘရန်ရှောင်ကို ကချင် လွပ်လပ်ရေး တပ်မတော်(KIA) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေး သမားဟု စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က စွပ်စွဲဖမ်းဆီးခဲ့ပြီး ဇူလိုင်လမှစတင်ကာ တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ယခုလ ၂၂ ရက်နေ့က စွဲဆိုလိုက်ခြင်းဖြစ်သည်။
“၂၀၀၄ ကနေ ၂၀၁၁ ဇွန်လထိ KIA ဝန်ထမ်းဖြစ်တယ်ဆိုပြီး စရဖ – ရဲတွေ စွပ်စွဲတဲ့ဟာကို တရားရုံးကနေ လက်ခံပြီး စွဲချက် တင် လိုက် တာပေါ့”ဟု ဦးဘရန်ရှောင် ၏ ရှေ့နေ ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။
စွဲချက် တင်ထားသော်လည်း ဦးဘရန်ရှောင်ဘက်မှ အပြစ်မရှိကြောင်း ထွက်ဆိုထားသဖြင့် တရားခံဘက်မှ ကြားနာမှုကို ယခုလ ၂၉ ရက် နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
တရားလိုပြသက်သေ ၁၇ ဦးကို ကြားနာအပြီးတွင် ဦးဘရန်ရှောင်အနေဖြင့် အမှုမှ လွတ်မြောက်နိုင်သည့် အနေအထားတွင် ရှိသော်လည်း ယခုကဲ့သို့ စွဲချက်တင်လိုက်သဖြင့် စိတ်ပျက်မိကြောင်း၊ လွတ်မြောက်ရေးအတွက် ခုခံချေပသွားရန်ရှိကြောင်း ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
“အခု ၁၇ ယောက် ကြားနာတဲ့အခါမှာ ၅ ယောက်ပဲ ဦးဘရန်ရှောင်ဟာ KIA လုပ်တယ်လို့ ထွက်ဆိုတာ၊ ကျန်တဲ့ ဒေသခံတွေ၊ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက ဦးဘရန်ရှောင်ဟာ KIA မလုပ်ဘူး၊ ရွာသားဖြစ်တယ်ဆိုတာ တရားရုံးမှာ အတိအလင်း ထွက်ဆို သွားတာ ရှိတယ်၊ ဒါတွေကို လုံးဝ ထည့်သွင်းမစဉ်းစားဘူး၊ အပစ်မဲ့ပြည်သူတယောက်ကို အခုလို ၄ လ လောက် ဖမ်းဆီးချုပ်နှောင် ထားပြီး တရားစွဲတာဟာ လုံးဝ မျှတမှုမရှိဘူး”ဟု သူက ဆက်ပြောသည်။
အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့ရှိ ထောင်ကြီးအချုပ်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ဦးဘရန်ရှောင်ကို ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူ၍ စစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးပြီးနောက် ဦးဘရန်ရှောင်၏ မျက်နှာ ဦးခေါင်းနှင့် ခန္ဓကိုယ်တွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ သို့သော် လည်း ထိုဒဏ်ရာများကို တရားရုံးက ဓာတ်ပုံမှတ်တမ်းယူခွင့် မပြုကြောင်း သူ၏ ရှေ့နေနှင့် အခြားမျက်မြင်များက ပြောဆိုသည်။
မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်း ပြုစုထားချက်များအရ မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် KIA နှင့် ဆက်နွယ်သူများဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် စွပ်စွဲဖမ်းဆီးထားသူ ၇၀ ကျော်ရှိကြောင်း သိရ သည်။
ကချင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လပိုင်းမှ အောက်တိုဘာလ အထိ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံရသူ ၄၀ ကျော်အနက် ၇ ဦး ခန့်သာ လွတ်မြောက်ခဲ့ပြီး ကျန်လူများမှာ ထောင်ဒဏ်ကျခံရသူများဖြစ်သည်ဟု ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။
ပုဒ်မ ၁၇/၁ အရ မည်သူမဆို တရားမဝင် အသင်းဝင်ဖြစ်လျှင်၊ ထိုအသင်းတခုခု၏ အစည်းအဝေးများတွင် ပါဝင် ဆောင်ရွက်လျှင်၊ ထိုအသင်းကိစ္စ တခုခုအတွက် ငွေကြေးထောက်ပံ့လျှင်၊ လက်ခံ ရယူလျှင် သို့မဟုတ် တောင်းခံလျှင်၊ အသင်း၏ လုပ်ကိုင် ဆောင် ရွက်ရာတွင် တနည်းနည်းဖြင့် ကူညီလျှင် ထိုသူသည် ထောင်ဒဏ် ၂ နှစ်ထက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ခြင်း ခံရမည့်အပြင် ငွေဒဏ်လည်း ကျခံစေရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ အခွင့်အရေး၊ လွတ်လပ်ခွင့်များကို ပိတ်ပင်ထားသော ဥပဒေများကို ဖျက်သိမ်းသင့်ကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက လွှတ်တော်ရပ်နားချိန်အတွင်း သတင်းထောက် များကို ပြောဆိုထားသည်။
“ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ၊ ကန့်သတ်တဲ့ ဥပဒေတွေဆိုရင် အားလုံး ဖျက်သိမ်းရမယ်၊ ပုဒ်မ ၁၀ တင် မဟုတ်ဘူး၊ ပုဒ်မ ၅ လည်းရှိသေးတယ်၊ နောက်ပြီးတော့ ၁၇ စသဖြင့် နိုင်ငံရေးအရ ကိုယ်မလိုလားတဲ့သူတွေကို ဆင်ခြေ ပေးပြီး တော့ ဖမ်းနိုင်တဲ့ ဥပဒေမှန်သမျှဟာ ဖျက်သင့်တယ်လို့ ထင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။