ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင် ကျောင်းသား သမဂ္ဂမှ ဦးဆောင်သည့် ရာနှင့်ချီသော တက္ကသိုလ် ကျောင်းသားများ သည် ယနေ့နံနက်ပိုင်းက ဆိုင်းဘုတ်များဖြင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒပြကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲ၌ ရခိုင်ပြည်နယ် တက္ကသိုလ် ကောလိပ် အသီးသီးနှင့်ပတ်သက်ပြီး ပြည့်စုံစွာ ပညာသင်ကြားနိုင်ရေး၊ ပညာသင်စရိတ် သက်သာရေး၊ ကျောင်းသား ကျောင်းသူများအတွက် လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများ၊ ကျောင်း ဖယ်ရီ နှုန်းထား ဈေးနှုန်း သက် သာရေး တောင်းဆိုမှုများ ပါဝင်သော တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုကြသည်ဟု ရခိုင် ကျောင်းသား သမဂ္ဂ အဖွဲ့မှ ကိုအောင်ကိုဦး က ပြောသည်။
“သင်ထောက်ကူ ပစ္စည်းတွေဆိုတာ ကျနော်တို့ ကျောင်းတွေမှာ နာမည်ပဲကြားဖူးတယ်။ တောင်ကုတ်မှာ စီးပွားရေး တက္ကသိုလ် သာ ဖွင့်ပေးလိုက်မယ်ဆိုရင် ရန်ကုန်မှာသွားပြီးတော့ သင်စရာမလိုတော့ဘဲ ရခိုင်ပြည် ကျောင်းသားတွေဟာ စရိတ်စက သက် သက် သာသာနဲ့ ပြည်နယ်ထဲမှာပဲ ကျောင်းတက်ရမှာဖြစ်တယ်”ဟု ကိုအောင်ကိုဦး က ပြောဆိုသည်။
ကျောင်းသားများသည် လောကနန္ဒာ ဘုရားကြီးတွင် စုဝေး၍ ပြည်တော်လမ်း တလျှောက် ချီတက်ကြပြီး ဆရာတော် ဦးဥတ္တမ ပန်းခြံ အထိ ဆန္ဒထုတ်ဖော် ခဲ့ကြသည့် ဆန္ဒပြချိန်အတွင်း လုံခြုံရေးများ ချထားသော်လည်း တစုံတရာ အနှောင့်အယှက် မရှိကြောင်း လည်း သိရသည်။
စစ်တွေ ကောလိပ်သည် တမိုင်ခန့် ခရီးသာရှိသော်လည်း နည်းပညာ ကောလိပ်သည် စစ်တွေမြို့နှင့် ၂၂ မိုင်ခန့်ကွာဝေးပြီး ကြိုပို့ ဖယ်ရီကားခမှာ တခေါက်လျှင် ၁၅၀ ကျပ်ဖြစ်၍ ၁၀၀ ကျပ်ခန့်သာ ထားရှိရန် ကျောင်းသားများက လိုလားကြသည်ဟု ဆိုသည်။
တက္ကသိုလ်သွားရာ လမ်းတလျှောက်တွင် စစ်တပ်က လုံခြုံရေး တာဝန်ယူထားသော်လည်း လုံခြုံရေးမရှိသည့် အချိန်တွင် ကျောင်း သားများ၏ လုံခြုံရေး စိုးရိမ်ရကြောင်း၊ ကျောင်းခန်းအတွင်းရှိ ရခိုင်နှင့် မွတ်စလင် ကျောင်းသားများလည်း ပြဿနာ ဖြစ်နိုင်ကြောင်း၊ လုံခြုံရေး အကာအကွယ်အစီအစဉ်များ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် တခြားသော ကျောင်း သားတဦး ကလည်း ပြောသည်။
လတ်တလောတွင် မင်းပြားနှင့် မြောက်ဦးမြို့နယ်များ၌ ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင်များ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း အစိုးရ သတင်းစာများက ယနေ့ ဖော်ပြထားသည်။ အကြမ်းဖက် မီးရှို့မှုများကြောင့် မင်းပြား မြို့နယ်ရှိ ကျေးရွာ ၆ ရွာ ၊ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၂ ရွာ အိမ်ခြေ ၅၀၈ အိမ် စုစုပေါင်း အိမ် ၁၀၃၉ အိမ် မီးလောင် ဆုံးရှုံးခဲ့သည်ဟုလည်း ပါရှိသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ မင်းပြား နှင့် မြောက်ဦးမြို့နယ်များအတွင်း ရခိုင် တိုင်းရင်းသားများ နှင့် မွတ်စလင်များ အပြန်အလှန် အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားကြောင်းလည်း သိရသည်။