အလံဇောက်ထိုး လွှင့်မိတဲ့ ကြံ့ခိုင်ရေး ညီလာခံ
ပြီးခဲ့တဲ့ရက်က အလှမယ် နန်းခင်ဇေယျာရဲ့ ဓာတ်ပုံတွေနဲ့အတူ ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ဟော့သွားတဲ့ဓာတ်ပုံ တပုံကတော့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ပထမအကြိမ် ပြည်လုံးကျွတ်ပါတီ ညီလာခံပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ အလံဟာ ဇောက်ထိုးဖြစ်နေတဲ့ပုံပါပဲ။
ဒီဓာတ်ပုံကို ဖေ့စ်ဘုတ် သုံးစွဲသူတွေအကြား အမျိုးမျိုး ဝေဖန်အပြစ်တင်နေလိုက်ကြတာ နောက်ဆုံးတော့ ယတြာချေတာပဲ ဖြစ်မယ်ဆိုတဲ့ ဝေဖန်မှုကတော့ အတော်လေး ညံလာခဲ့တာပါ။
ဒါပေမယ့် ဒါဟာ ယတြာချေတာ မဟုတ်ပါဘူးလို့ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို တရားဝင် ငြင်းချက်ထုတ်လိုက်ပါတယ်။
“ယတြာချေတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်အတိုင်းပဲ ဖြစ်နေတာပဲလေ။ ပိုပြီး ရှင်သန်ခိုင်မာအောင် တည်ဆောက်ဖို့ပဲ လိုတာပဲလေ။ ပြောင်းပြန် ပြန်လုပ်ဖို့တောင် မရှိပါဘူး” လို့ ဦးဌေးဦးက ဆိုပါတယ်။
ဘာကြောင့် ဒီလိုဖြစ်သွားရတာပါလဲ ဆိုတာကို ဦးဌေးဦးက ဒီလိုဖြေကြားပါတယ်။
“အဲ့ဒါဟာ ကျနော်တို့ ထူတဲ့အလံလည်း မဟုတ်ပါဘူး။ ကျနော်လည်း သတိမထားမိဘူးပေါ့နော်။ သတိမထားမိဘူး ဆိုတာက ကျနော်တို့ ဗဟိုကနေပြီးတော့ ကလေးတွေ ဖျော်ဖြေရေးအနေနဲ့ လာကတာရှိတယ်။ အဲဒါက ဆိုကရေးတီး အဖွဲ့တချို့လည်း ပါတယ်ထင်တယ်။ သူတို့ထဲကနေပြီးတော့ ဖြစ်သွားတယ်လို့ ထင်တယ်။ အဲ့ဒီမှာ နည်းနည်းလွဲသွားတယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
ဦးဌေးဦးက ဆက်လက်ပြီး “သတိထားမိလည်း အပေါ်မှာ ကနေပြီလေ။ ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ။ အသစ်တခုနဲ့ ပြန်ပြီးလုပ် ဆိုတာမျိုးလည်း ဘယ်လိုလုပ်လို့ ရပါ့မလဲ” လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒီ ညီလာခံမှာ နိုင်ငံတော် သမ္မတကိုယ်တိုင် လာရောက် လည်ပတ်ခဲ့တာဖြစ်ပြီး ဒီညီလာခံမှာ သမ္မတကြီးကို ပါတီရဲ့ ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
ဒီ ညီလာခံကို အောက်တိုဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တာပါ။
၂၀၁၀ အောက်တိုဘာလက စပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုပြီး ပြောင်းလဲ သတ်မှတ်လိုက်တဲ့ နိုင်ငံတော် အလံသစ်ကို ထိုစဉ်က ပြည်သူပြည်သားတွေရဲ့ ကန့်ကွက်မှု ခံရပါသေးတယ်။
အခုလို မြန်မာနိုင်ငံတော် အလံ ပြောင်းပြန်ဖြစ်နေတာဟာ နိမိတ်တခုဖြစ်တယ်လို့ မန္တလေးမြို့မှ နက္ခတ်ဗေဒင် ဆရာရဲက ဧရာဝတီကို ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဝန်းကျင် ၂၀၁၃၊ ၁ လပိုင်း ၄ ရက်နဲ့ ၂ လပိုင်း ၂၄ ရက်ကြားမှာ အကြီးအကဲပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်လိမ့်မယ်။ နိုင်ငံတော်ရဲ့ အလံဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အကြီးအကဲနဲ့ တိုက်ရိုက်ပတ်သက်တယ်။ သူတို့ မှားယွင်းတာပဲဖြစ်ဖြစ်၊ တမင်လုပ်တာပဲဖြစ်ဖြစ် ဒါဟာ နိမိတ်တခုပဲ။ အဲ့ဒီနိမိတ်ဟာ ကောင်းတဲ့သဘောကို မဆောင်ဘူး။ မကောင်းတဲ့သဘောကို ဆောင်တယ်” လို့ သူက ပြောပါတယ်။
ကဲ ဒီအတိုင်းဆို အပြောင်းအလဲများနဲ့ မြန်မာပြည်ကြီး ဘာတွေများ ထပ်ပြီးပြောင်းလဲဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
မယ် အင်တာနက် နန်းခင်ဇေယျာ
နှစ်ပေါင်းငါးဆယ်ကြာမှ တဖန် ပေါ်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တယောက်တော့ အင်တာနက်အလှမယ် ဆုကို ဆွတ်ခူးရရှိသွားပြီဆိုတာ အားလုံးလည်း အသိပါပဲ။
လိပ်တောင် သူ့ထက်မြန်ဦးမယ်လို့ သုံးစွဲသူတွေ ပြောလေ့ရှိတဲ့ အင်တာနက် (ခေါ်) အင်တာနှေးကြီးနဲ့ တိုင်းပြည်ကိုယ်စားပြု အလှမယ်ကို မယ်အင်တာနက် (Miss Internet) ဆုကြီးရအောင် ဖန်တီးပေးနိုင်တာကတော့ ထူးခြားမှုတခုပါပဲ။ ဒီဆုဟာ အင်တာနက်ကနေ မဲပေးရွေးချယ်ရတဲ့ ဆုတခုပါ။
အခုလို အင်တာနက်အလှမယ် ဆုရတဲ့ အပေါ် နန်းခင်ဇေယျာက ဘယ်လိုသဘောထားပါသလဲ။
“ဒီဆုရတာဟာ ကျမကြောင့် ရတာ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားတွေက ကျမကို အားပေးကြလို့ ရတာပါ။ အရမ်းလည်း ဝမ်းသာပါတယ်။ တခြားနိုင်ငံတွေကတောင်မှ နင်တို့မြန်မာတွေက အချင်းချင်း အားပေးကြတယ်ဆိုတဲ့ စကားတွေ ပြန်ကြားရပါတယ်။ ငါတို့နိုင်ငံတွေက အင်တာနက်တွေ အများကြီးသုံးပေမယ့် အဲဒီလောက် အားမပေးကြဘူးပေါ့နော်။ ကျမကို ဘာကြောင့် လူတွေက အားပေးကြတာလဲဆိုပြီး မေးကြပါတယ်” လို့ Miss Internet ဆုနဲ့ People Choice Award ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ဂျပန်နိုင်ငံ အိုကီနာဝါမှာ ကျင်းပတဲ့ ဒီပွဲမှာ မြန်မာနိုင်ငံမှ နန်းခင်ဇေယျာက အင်တာနက် အလှမယ်ဆုကို မဲအရေအတွက် သန်းပေါင်း ၂၀ ကျော်ရရှိပြီး ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒါ့အပြင် နောက်ထပ်ဆုတခုဖြစ်တဲ့ အွန်လိုင်းကနေ ပရိသတ်အကြိုက်ဆုံးဆု People Choice ဆုကိုလည်း ထပ်မံရရှိခဲ့တာဖြစ်ပြီး အင်တာနက်နဲ့သက်ဆိုင်တဲ့ ဆုနှစ်ခုကို ရရှိခဲ့တာပါ။
ဒီဆုတွေကို ရလည်းရချင်စရာပါပဲ။ အလှမယ် နန်းခင်ဇေယျာရဲ့ ဂျပန်နိုင်ငံမှာ ပြိုင်ပွဲနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ၊ ဓာတ်ပုံတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို အင်တာနက်စာမျက်နှာ၊ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ သူ့ထက်ငါ အပြိုင်အဆိုင် Like ကြ၊ Share ကြ အင်တာနက်မယ် ရဖို့အတွက် Vote ပေးကြနဲ့ ဒါတွေဟာ ပြိုင်ပွဲ မစခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပလူပျံသွားတာပါ။
မယ်မြန်မာအနေနဲ့ အခုလို အင်တာနက်နဲ့ သက်ဆိုင်တဲ့ ဆု၂ ဆုကို အိမ်အပြန်မှာ သယ်ဆောင်လာနိုင်ခဲ့လေတော့ မြန်မာနိုင်ငံကြီးရဲ့ အင်တာနက်တွေ အလွန်ကောင်းနေလို့ မြန်မာပြည်သူတွေ မဲ ဒီလောက်တောင် ပေးနေနိုင်တာပေါ့လို့ သက်ဆိုင်ရာလူကြီးမင်းများက ထင်မှတ်သွားရင်တော့ ခက်ရချည်ရဲ့။
ဒီအတိုင်းသာဆို မြန်မာပြည် အင်တာနက် မကောင်းဘူးလို့ ဘယ်သူပြောသလဲဆိုပြီး ပြန်မေးရမလိုဖြစ်နေပါပြီ။
ဘယ်လိုပဲ ဆိုပါစေ ကမ္ဘာမှာ ရှာမှရှား အင်တာနက် မြန်နှုန်းနဲ့ တပြည်လုံး သုံးစွဲနေရတဲ့ မြန်မာပြည်ကို ကမ္ဘာက အင်တာနက် အလှမယ်နဲ့အတူ အင်တာနက်နိုင်ငံအဖြစ် သိရှိသွားမှာတော့ မလွဲဧကန်ပါပဲလို့ မစပ်စုတော့ စိတ်ကူးနေမိပါတော့တယ်။