ရခိုင်ပြည်နယ် ပဋိပက္ခ ဒေသတခုဖြစ်သော ကျောက်တော်ဘက်မှ ယနေ့နံနက်က ထွက်ပြေးလာသည့် မွတ်စလင် လှေ ၅၀ ခန့် စစ်တွေ ကမ်းခြေသို့ ဆိုက်ကပ်ခဲ့ရာ ယင်းလှေများပေါ်တွင် လူ ၃၀၀၀ ခန့် လိုက်ပါလာကြောင်း သိရသည်။
အများစုမှာ ကျောက်တော်ဘက်မှ ထွက်ပြေးလာသူများ ဖြစ်ပြီး ဒုက္ခသည်များအဖြစ် လက်ခံရန် စစ်တွေ ဒေသခံများက ငြင်းဆို သောကြောင့် စစ်တွေတဘက်ကမ်း ဆင်နှစ်မှော် ကျွန်းပေါ်တွင် နေရာချထားပေးခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။
ယခင် ပဋိပက္ခများ ဖြစ်ပွားခဲ့စဉ်က မွတ်စလင်ဒုက္ခသည်များလည်း ယင်းကျွန်းတွင် နေထိုင်လျက်ရှိရာ ရိက္ခာအခက်အခဲ ရှိ သော ကြောင့် ယနေ့ ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိုဒေသတွင် ကြာမြင့်စွာ မထားတော့ဘဲ တခြားနေရာ တနေရာသို့ ရွှေ့ပြောင်းပေးမည်ဟု သိရသည်။
လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဌေး စစ်တွေသို့ ရောက်ရှိနေကြောင်း၊ ကျောက်ဖြူ၊ မြေ ပုံ ဒေသများရှိ ပဋိပက္ခ ဖြစ်ပွားရာ ကျေးရွာများအထိ သွားရောက်ရန် စီစဉ်ထားကြောင်း ဦးဝင်းမြိုင်က ဆိုသည်။
အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မြေပုံ စသည့် ၆ မြို့နယ်တွင် ၅ ရက်အတွင်း နှစ်ဘက်သေဆုံးသူ စုစုပေါင်း ယခုအချိန်အထိ ၁၁၇ ဦးရှိပြီး ဒဏ်ရာ ရသူမှာ ကလေးငယ်များ အပါအဝင် ၇၂ ဦး ရှိပြီဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ၏ အဆိုအရ သိရသည်။
ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် အိမ်ပေါင်း ၂၃၂၉ အိမ်ရှိ၍ အများစုမှာ ပေ ၂၀၊ ၁၅ ပေ အကျယ် တဲအိမ်များဖြစ်ကာ မွတ်စလင်အများစု ပိုင်ဆိုင်သည့် အိမ်များဖြစ်၍ ရခိုင် အိမ်ကြီးအိမ်ကောင်း အနည်းငယ် ပါဝင်ကြောင်း၊ မွတ်စလင်များက ၎င်းတို့ နေထိုင်ရာ တဲအိမ်များကို မီးရှို့ထွက်ပြေးကြခြင်းများ ရှိကြောင်းလည်း ဦးဝင်းမြိုင်က ပြောသည်။