ရန်ကုန်ဆိပ်ကမ်းရောက် ကားသစ်များကို တရားမဝင် လာဘ်ငွေယူပြီး ထုတ်ယူခွင့်ပြုခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်း ၁၅ ဦးထက်မနည်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသို့ ဂျပန်နိုင်ငံမှ ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာတွင် တင်သွင်းလာသော ကားများ၏ ထုတ်လုပ်သည့် ခုနှစ်များကို ပြင်ဆင်ပြီး ဆိပ်ကမ်းမှ တရားမဝင် ထုတ်ယူမှုများ ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တိုင်ကြားစာရောက်ရှိလာကြောင်း၊ ယင်းတိုင်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ပါဝင် ပတ်သက်လျှက် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
“၁၉၉၈ ခုနှစ် မော်ဒယ်ကားတွေကို ၂၀၀၂ ခုနှစ်ထုတ်လို့ ပြောင်းလဲပြီး ဆိပ်ကမ်းကနေ ကားတွေ ထုတ်တာပါ။ စဖြစ်တာက စီးပွား/ ကူးသန်းဝန်ကြီးဌာနဆီ စာတစောင် တက်သွားတယ်။ အဲဒီနောက် ပြည်ထဲရေးကို လွှဲပေးလိုက်တယ်။
ပြည်ထဲရေးကို ရောက်ပြီးတော့ စသုံးလုံးက ကိုင်တွယ် စစ်ဆေးတယ်။ အခု စစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီးလို့ အစိုးရအဖွဲ့(Cabinet) ဆီ တင်တော့မယ်။ အရေးယူတာတွေက အမှုပေါ်မှာ မူတည်ပြီးတော့ ရှိမယ်” ဟုနေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ပေါ်နှင့် ဦးမျိုးမြင့်သိန်းတို့ ပါဝင်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်ဘဲ
အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပြီး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သူများကို သိရှိလျှင် မှတ်ပုံတင်နှင့်တကွ တိုင်ကြားမှု ပြုလုပ်စေလိုကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
ပြည်တွင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကမူ အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်မည် ဆိုပါက ထင်သာမြင်သာဖြင့် စီမံကိန်းချ ဆောင်ရွက်သင့်ကြောင်း၊ ပထမအဆင့်အနေဖြင့် အစိုးရ ဗျူရိုကရက် ယန္တရားကို
လျော့ချရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ ဝင်ငွေအဆင့်အတန်းကို မျှခြေဖြစ်အောင် လုပ်ဆောင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တတိယအဆင့် အနေဖြင့် စီးပွားရေး အသိုက်အဝန်းတခုလုံး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင်မှသာလျှင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အောင်မြင်မည်ဟု သုံးသပ်ပြောဆိုသည်။
“အကျင့်ပျက် ခြစားတဲ့သူ ဖမ်းလိုက်၊ အရေးယူလိုက်နဲ့တော့ ဒါကြီးက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လာဘ်စားလို့ ရတဲ့ နေရာဖြစ်တော့ ရှေ့က သွားလို့ နောက်လူဝင်လာလည်း စားဦးမှာပဲ။ ပေါ်လစီပိုင်းနဲ့ကို သေသေချာချာ ချပြီး ထင်သာမြင်သာ ရှိရှိ လုပ်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ဧရာဝတီသို့ပြောဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအဝင် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများကြောင့် ဖမ်းဆီးထောင်ချ အရေးယူခဲ့သည်။