မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယခု ၆ နှစ်ကာလအတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ UN Office on Drugs and Crime (UNODC) ၏ နေပြည်တော်တွင် ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သော အစီရင်ခံစာအရ သိရသည်။
အဆိုပါ UNODC ၏ အစီရင်ခံစာက မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၁ ခုနှစ်က ဟက်တာ ၄၃၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၇ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဟက်တာ ၅၁၀၀၀ ရှိသည်ဟု ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။
ဘိန်းစိုက်ပျိုးမှု တိုင်းတာရေး အစီရင်ခံစာ ရှင်းလင်းပွဲကို နေပြည်တော်၊ သင်္ဂဟ ဟော်တယ်၌ ယမန်နေ့ အောက်တိုဘာ ၃၁ ရက် နေ့က ကျင်းပခဲ့ရာ UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာက အဆိုပါ Launching of the Myanmar Opium Survey 2012 Report ကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
ပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေး တိုက်ဖျက်ရေး ဗဟိုကော်မတီကလည်း ပူးပေါင်းစီစဉ်ခဲ့ပြီး မစ္စတာ Jason Eligh၊ ပြည်ထဲရေးဌာန ဒု ဝန်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်း အပါအဝင် စစ်ဘက်၊ အရပ်ဘက် အရာရှိကြီးများ၊ နိုင်ငံ ခြား သံတမန်များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် ဒေသတွင်း မီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။
UNODC ရဲ့ အရှေ့အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဘန်ကောက်မြို့ရုံးထိုင် ဌာနေ ကိုယ်စားလှယ် မစ္စတာ ဂါရီ လူးဝစ်က ဘိန်းနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေက အဆိုးဘက်ကို ဦးတည်လာနေကြောင်း ပြောသည်။
“မြန်မာနိုင်ငံမှာ ဘိန်းစိုက်မှု သိသိသာသာ တိုးများလာတာနဲ့ အတူ ဒေသတွင်း ကြီးထွားလာနေတဲ့ လူသားဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးနဲ့ အခြား စိတ်ကြွဆေး ကုန်သွယ်မှု တိုးမြင့်လာနေပါတယ်” ဟု မစ္စတာ လူးဝစ်က ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများထဲတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာပေါ်တွင် ဘိန်း အများဆုံး ထွက်ရှိသည့် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံး နိုင်ငံလည်းဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်း စုစုပေါင်း ဘိန်းထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၆၉၀ ရှိပြီး ၂၀၁၁ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု UNODC က ဆိုသည်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ ကချင်ပြည်နယ် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း ဒေသများနှင့် ကချင်ပြည်တို့သည် သိသိသာသာ စိုက်ပျိုးမှု မြင့်မားလာသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။ ပြည်နယ် ၂ ခုလုံးသည် လက်ရှိအခြေအနေတွင် ဒေသတည်ငြိမ်မှု မရှိ ပဋိပက္ခနယ်မြေအဖြစ် ရှိနေကြောင်း ထောက်ပြထားသည်။
“ဘိန်းစိုက်ပျိုးမှု လျော့နည်းအောင် ဘိန်းတိုက်ဖျက်ရေး တခုတည်းနဲ့ လုပ်နေလို့ မလုံလောက်ဘူး။ ကျနော်တို့ သတိပြုရမှာက ဘာကြောင့် ဘိန်းတောင်သူတွေ စိုက်ပျိုးနေကြတယ် ဆိုတာပဲ။ အများစုက သူတို့ မိသားစု စားဝတ်နေရေးအတွက် ငွေလိုတယ်။ ဘိန်းစိုက်မှ သူတို့ဘ၀ လုံခြုံရေးနဲ့ စားဝတ်နေရေး အတွက် အထောက်အပံ့ ဖြစ်မယ်ဆိုတာပါ” ဟု မစ္စတာ Jason Eligh က ဆိုသည်။
ပဋိပက္ခဖြစ်နေသော နယ်မြေများတွင် အလုပ်အကိုင်ရှားပါးမှု၊ ဘ၀ ရပ်တည်ရေး မပြေလည်မှုမှုများသည် ဘိန်းစိုက်ပျိုးရန် ရွေးချယ်စရာဖြစ်လာကြောင်း၊ ရေရှည် စီမံကိန်း ချမှတ်ဖြေရှင်းမှသာ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ကောင်းလာနိုင်ကြောင်းလည်း ပြောသည်။
“တိုက်ဖျက်ရေးကို တကယ့် အရေးတကြီး အရှိန်မြှင့်လုပ်ဆောင်နေပေမယ့် စိုက်ပျိုးရေးက မြင့်မားလာတယ်။ စိုက်ပျိုးမှုဟာ အလေးထားစရာ ဖြစ်လာနေတယ်။ ဘိန်းတောင်သူတွေကို ဘိန်းအစားထိုး သီးနှံပေးနိုင်မှု၊ လုံခြုံတဲ့ ဘ၀ အာမခံချက်ပေးနိုင်မှု၊ ကြွေးမြီတွေကို လျှော့ချနိုင်မှု မရှိရင်တော့ ဘိန်းကိုပဲ ဆက်စိုက်နေမှာပဲ” ဟု မစ္စတာ Eligh က ပြောသည်။
ပြည်ထဲရေး ဒု ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ဘိန်းမှ ရရှိတဲ့ ဝင်ငွေ ကွာဟချက် မြင့်မားနေမှု၊ ဘိန်းစိုက်ဒေသများတွင် စိုက်ပျိုးသူနှင့် မစိုက်ပျိုးသူ အချိုးအစား၊ အစားအစာ ဖူလုံမှု၊ မြေယာအသုံးချနိုင်မှု၊ စိုက်ပျိုးရေး အထောက်အပံ့ လိုအပ်ချက်များ၊ ဘိန်းခင်းဖျက်ဆီးမှု၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျှက် ရှိကြောင်း ပြောကြားသွားသည်။
ထို့အပြင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု လျော့ကျရေးလုပ်ငန်းများနှင့် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများအား ပံ့ပိုးကူညီမှုများ ပေးရန်လည်း အကြံပြု တိုက်တွန်း ပြောကြားသွားသည်။
မစ္စတာ Eligh က “ဘိန်းစိုက်ပျိုးမှု လျော့ကျစေရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ စားဝတ်နေရေးနဲ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့တွေအတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကိုအခြေခံတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေမှာ ရံပုံငွေ ထည့်ဝင်ကူညီဖို့ အခြား အလှူရှင်တွေ၊ ဂျာမဏီနဲ့ ဥရောပသမဂ္ဂ တို့ကိုလည်း အလေးအနက် တိုက်တွန်းပါတယ်” ဟု ပြောသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရက ဘိန်းတိုက်ဖျက်ရေးအတွက် စိုက်ပျိုးဧက ဟက်တာ ၇၀၅၈ ကို ၃ ကြိမ်ထက်မနည်း ဖျက်ဆီးပစ်ခဲ့သည့်အတွက် စုစုပေါင်း ဘိန်းစိုက်မြေ ဟက်တာ ၂၃၇၁၇ ကို ဖျက်ဆီးခဲ့သည်ဟု မြန်မာအစိုးရဘက်က ပြောဆိုခဲ့သည်။
“ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းထုတ်လုပ်မှု လျော့ကျရေးတို့အတွက် အလှူရှင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့ကို အကူအညီပေးစေချင်ပါတယ်။ ဒီကိစ္စက မြန်မာမှာသာမက ကမ္ဘာတခုလုံးရဲ့ စိုးရိမ်စရာလည်းဖြစ်ပါတယ်” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ပြောသည်။
စစ်တမ်းတွင် မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှု စုစုပေါင်းတန်ဘိုး အမေရိကန် ဒေါ်လာ ၄၀၇ သန်း ခန့်ရှိပြီး ၂၀၁၁ ခုနှစ် က ထုတ်လုပ်တန်ဘိုး အမေရိကန် ဒေါ်လာ ၃၁၉ သန်းရှိရာမှ ၂၈ ရာခိုင်နှုန်းပိုများလာသည်ဟုလည်း ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဘိန်း ၁ ကီလိုလျှင် အမေရိကန် ဒေါ်လာ ၄၅၀ ရှိရာမှ ယခုနှစ်တွင် အမေရိကန် ဒေါ် လာ ၅၂၀ ထိ ဈေးတက်လာခဲ့သည်။
UNODC အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျော့ကျရေးကို ၂၀၁၂ ခုနှစ်ကတည်းက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျော့ကျရေးအတွက် အခြား ဖွံ့ဖြိုးရေး အကူအညီများပေးနိုင်ရေးတို့အတွက် ဂျာမဏီနိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ရံပုံငွေများ လက်ခံခဲ့ပြီး လေ့လာစမ်းစစ်မှုများ လုပ်ဆောင်ရန်အတွက် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ ငွေကြေး အကူအညီများ လက်ခံခဲ့ သည်ဟု သိရသည်။