ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သို့ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာမည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကို ရှပ်နီအဖွဲ့ဝင် ၁၀၀၀ ခန့်က သွားရောက် ကြိုဆိုကြမည်ဟု သိရသည်။
တာချီလိတ်မြို့တဖက်ကမ်းရှိ ချင်းရိုင် မယ်ဆိုင်မြို့နယ်မှ တဆင့် သွားရောက်ကြရန် စီစဉ်ထားသည်ဟု ချင်းမိုင်မြို့ရှိ ရှပ်နီခေါင်း ဆောင်တဦး ဖြစ်သူ ဖိချစ် တာမွန်း (Pichit Tamoon) က ပြောကြောင်း ယမန်နေ့က ချင်းရိုင်တိုင်းမ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သက်ဆင်ကို ထောက်ခံ သူတွေကြားမှာလည်း စိတ်လှုပ်ရှားနေကြသည်ဟု ၎င်းက ဆိုသည်။ တာချီလိတ်မြို့နယ်စပ်နှင့် ထိစပ်နေ သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်၊ ချင်းမိုင်မြို့တို့သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အမာခံနယ်များလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလကလည်း ဝန်ကြီးချုပ် ဟောင်းသက်ဆင် လာအိုနိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့စဉ် ရှပ်နီ အဖွဲ့ဝင် ၃၀၀ ခန့်က ကားများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း ဖိချစ်တာမွန်းက ပြောသည်။
သက်ဆင်၏ တရားဝင် အကြံပေး အရာရှိ နော့ပဒုံ ပတ္တနာ ၏ ပြောကြားချက် အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ဒူဘိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ယခုတပတ်အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း ဆိုသည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်ရှိ ထိုင်းလုပ်ငန်းရှင် အများစု လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် ယခုလ ၂ ရက်နေ့မ စတင်၍ ၂ ရက်ကြာ တည်းခိုပြီး ၄ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်မည် ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။
တာချီလိတ်မြို့နယ်မှ အာဏာပိုင်နှင့် နီးစပ်သူများက“ထိုင်းဖက်က လူတွေလာမှာ များတဲ့အတွက် ဟိုတယ်တွေ ပြည့်နေပြီး၊ သက် ဆင်တည်းမယ့် ရက်ဂျီးနား ဟိုတယ်မှာလည်း လုံခြုံရေး တင်းကြပ်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဝန်းကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာပြည်သို့ လာရောက်မည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။ အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီး ထိုင်းနိုင်ငံစီးပွားရေး တိုးတက်စေခဲ့သဖြင့် လာအို၊ ကမ်ဘောဒီးယားနိုင်ငံများသို့ အလည်ရောက်စဉ်က စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ဖူးသည်။
သက်ဆင်သည် ယခင် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူစဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံတွင် ထိုစဉ်က အုပ်ချုပ်ခဲ့သည့် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံး အရင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ဖူးသည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်က စစ်တပ် အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်ပသို့ ရောက်ရှိနေပြီး ဒူဘိုင်းနိုင်ငံ၊ မွန်တီ နီဂရိုး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ညီမ အငယ် ဆုံးဖြစ်သည်။ မစ္စ ယင့်လပ်မှာ မစ္စတာ သက်ဆင်၏ ကိုယ်ပွား တယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေးလောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။