ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။
အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင်တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင်များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီး စစ်ဆေးသည့် လူ ၁၀၀၀ ဝန်းကျင်၌ ဇွန်လအတွင်း ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သူများ လည်းပါဝင်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ဧရာဝတီ ကို ပြောသည်။ အများစုသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍ သင်္ကာမကင်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ဆိုသည်။
ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊ ကြိုးကိုင်သူများတွင် နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်နေ ကြောင်း ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် သမ္မတရုံး ကြေညာချက်ကလည်း ရေးသားထားသည်။
ထို့အတူ အချို့သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထားများ တွေ့ရှိထားကြောင်း၊ လက်ရှိတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ဆက်စပ်ပတ်သက်သူများကို နိုင်ငံတော်မှ စစ်ဆေးအရေး ယူလျက်ရှိကြောင်း ဆိုသော်လည်း အသေးစိတ် ရေးသားဖော်ပြခြင်း မရှိပေ။
ပဋိပက္ခနှင့်ပတ်သက်၍ ကြိုးကိုင်သူများကိုစစ်ဆေးနေဆဲ ဖြစ်ပြီး အချိန်ကျရောက်ပါက မည်သူမည်ဝါ ဆိုသည်ကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိ၍ ထိရောက်စွာ အရေးယူမည်ဟု ဆိုခဲ့ပြီး မည်သူမည်ဝါဟူ၍ ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိပေ။
“စစ်ဆေးဖော်ထုတ်မှုတွေက ဘယ်လောက်ကြမယ်၊ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မျိုးတော့ အချိန်ကန့်သတ်ထားတာ မရှိ ပါဘူး၊ အချိန်တန်ရင်တော့ ကြေညာမှာပါ” ဟု ဦးဇော်ဌေး က ဆိုသည်။
ရခိုင်ပြည်နယ်တွင်၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်း သားများတိုး တက်ရေးပါတီ (RNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဖွံ့ဖြိုးရေးတိုးတက် ရေးနှင့်ငြိမ်းချမ်း ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ မြို၊ ခမီးတိုင်းရင်းသား၊ မြန်မာနိုင်ငံ ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ စသည့် နိုင်ငံရေးပါတီများ ရှိသည်။
ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မကြာသေးခင်က ပြန်လည်မှတ်ပုံ တင်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီလည်း ရှိပြီး အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီနှင့် ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ရခိုင်အဖွဲ့ တချို့ရှိသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခတွင် ပြည်ပအဖွဲ့အစည်းတချို့က နောက်ကွယ်မှ ကြိုးကိုင်လှှုပ်ရှားမှု ရှိကြောင်း ALD ပါတီ ကလည်း အောက် တိုဘာလ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ရခိုင်ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံရေးပါတီများဟု အစိုးရက ပြောဆိုနေခြင်းသည် အထူးအဆန်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စွပ်စွဲသုံးသပ်မှုသည် အထူးသဖြင့် အမျိုးသားရေးကို အခြေခံသည့် ရခိုင် နိုင်ငံရေးပါတီများဟု ယူဆ ကြောင်း RNDP ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီ ကို ပြောသည်။
“ရခိုင်ပဋိပက္ခ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီ အနေနဲ့ သွေးထိုးလှှုံဆော်တာ မရှိပါဘူး၊ လက်ရှိ ပဋိပက္ခတွေ ငြိမ်းချမ်း အောင်လုပ်ဆောာင်ရာ မှာလည်းပဲ အစိုးရနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေပါတယ်၊ စုံစမ်း ဖော်ထုတ်မှုတွေကို ဥပဒေအတိုင်း မှန်မှန် ကန်ကန်ဖြစ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။
ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတို့အတွက် လုပ်ပိုင်ခွင့် အာဏာ ရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးအားထား ပြုကြောင်း၊ အစိုးရအဖွဲ့ကလည်း ကူညီပေးစေလိုကြောင်း ဦးဖေသန်း က ဆို သည်။
၎င်းက “အစိုးရကို တိုက်တွန်းချင်တာက မွတ်စလင်တွေကို ရခိုင်ဒေသမှာပဲ စုပြုံထားတာ၊ လှောင်ပိတ်ပြီး မထားပါနဲ့၊ ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးပြီး နိုင်ငံသားတယောက်ကဲ့သို့ ပြည်မကို သွားခွင့်ပေးဖို့၊ တရား မဝင် ခိုးဝင်လာသူတွေကို လည်း ဥပဒေ အတိုင်း ဆောင်ရွက်ပေး ရင် ပဋိပက္ခ ဖြစ်ပွားတာတွေ လျော့ကျလာနိုင်တယ်”ဟု ဆိုသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုပြီး လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု အများအပြား ရှိကြောင်းလည်း ပြောကြသည်။
သမ္မတရုံး ပြောခွင့်ရသူက ပြောဆိုရာတွင် အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြောင်း၊ စစ်တပ်အင်အား ကိုလည်း ရခိုင်ပြည်နယ်ထဲရှိ စစ်တပ်များကိုသာ အခင်းဖြစ်ရာ ဒေသများ၌ လုံခြုံရေး ပေးကြောင်း၊ အစိုးရ အပေါ်ဝေဖန်မှုသည် ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။
ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကို လူစုခွဲရာတွင် စစ်တပ်၏ ပစ်ခတ်သည့် သေနတ် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရသူအများ အပြားရှိကြောင်း ဒေသခံတို့က ပြောဆိုသကဲ့သို့ သမ္မတရုံး ကြေညာချက်ကမူ ပဋိပက္ခဖြစ်နေ သည့် လူအုပ်စု နှစ်ခုသည် လုံခြုံရေး တပ်ဖွဲ့များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထိုပဋိပက္ခ များ မှ ဒေသန္တရလုပ် တူ မီးသေနတ် (၁၈၀ ) သိမ်းဆည်းရမိကြောင်းလည်း အစိုးရက ဆိုထားသည်။
ထို့အတူ ရခိုင်ပြည်နယ် တဝှမ်းရှိ ဓား၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ ၃ ရက် အတွင်း အပ်နှံကြရန် လည်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ထုတ်ပြန်ကြေညာထားသည်။
တကျော့ပြန် ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားသည့်နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း လည်း သတင်းစာများက ဆိုသည်။