မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှုများကို ယှဉ်ပြိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာအချို့ ဖျက်သိမ်းပြီး တချို့ကို အမည်ပြောင်းလဲဖွဲ့စည်း၍ အရာရှိနှင့်ဝန်ထမ်း ၂၀၀၀ တိုးချဲ့ခေါ်ယူသွားရန်ရှိကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းမြင့်နှင့် ဧရာဝတီသတင်းဌာနတို့ အောက်တိုဘာလအတွင်းက တွေ့ဆုံစဉ် ဝန်ကြီးဦးဝင်းမြင့်က အနာဂတ် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲရေး ဆိုင်ရာစာတမ်းတစ်စောင်ကို ပေးအပ်ခဲ့ပြီး ယင်းစာတမ်းတွင် ဝန်ကြီးဌာန၏ရှေ့လုပ်ငန်းစဉ်များကို တရားဝင်ဖော်ပြထားခြင်းဖြစ်သည်။
“ကုန်သွယ်ရေး ပေါ်လစီတေ ွအမြန်ထွက်ဖို့ ကျနော်တို့ ဆွဲနေပြီ။ ဒီစာတမ်းမှာပါတွေက အစိုးရအဖွဲ့ကိုတင်ပြပြီးတာနဲ့ စတင်လုပ်ဆောင်တော့မှာပါ” ဟု ဦးဝင်းမြင့်က ဧရာဝတီသို့ ရှင်းပြသည်။
လတ်တလော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်တွင် ဝန်ကြီးရုံး၊ ကုန်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးဟူ၍ ဌာနလေးခုရှိပြီး ယင်းတို့အနက်မှ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနဟူသော အမည်ကို ဖျက်သိမ်းပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးရာ ဦးစီးဌာန အမည်သစ်ဖြင့် လည်းကောင်း၊ မြန်မာ့ လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ဌာနဟူသော အမည်ကိုဖျက်သိမ်းပြီး ကုန်သွယ်မ ှုမြှင့်တင်ရေး ဦးစီးဌာနဟူ၍ လည်းကောင်း အမည်သစ်များဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း၊ ကျန်ဌာနနှစ်ခုကို အမည်မပြောင်းလဲသော်လည်း ဌာနလေးခု စလုံးတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်ဆင်ဖွဲ့စည်းမည့် ဌာနများတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူကာကွယ်ရေးရာဦးစီးဌာန ပါဝင် လာခြင်း ကြောင့် ကုန်ပစ္စည်းအတုနှင့် အရည်အသွေးညံ့ဖျင်းသော စားသောက်ကုန်နှင့် ကုန်စည်များ မဝင်ရောက်နိုင်ရေး အဓိက ကာကွယ်တားဆီးနိုင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိတဦးက ရှင်းပြသည်။
“ဌာနပြုပြင်ပြောင်းလဲတာတွေက နောက်လာမယ့်ဘဏ္ဍာနှစ်မှာ စမယ်လို့သိထားပါတယ်။ စားသုံးသူ ကာကွယ်ရေးရာဦးစီးဌာန ပါလာတာကတော့ အတော်ထူးခြားပါတယ်။ ဒီဌာနက ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနဲ့အစားအသောက်စစ်ဆေးရေးဌာန(FDA) နဲ့ ပူးပေါင်းပြီး စစ်ဆေးရေးတွေ လုပ်သွားရမှာပါ။ ပြည်သူ့အသက်တွေကို ခြိမ်းခြောက်နေတဲ့ ကုန်စည်တွေကို ဈေးကွက်မဝင်လာနိုင်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ဌာနလေးခုတွင် အရာရှိနှင့် ဝန်ထမ်းစုစုပေါင်း ၃၁၃၄ ဦးရှိပြီး ဌာနပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ချိန်တွင် ဝန်ထမ်းစုစုပေါင်း ၅၁၁၁ အထိ တိုးချဲ့ခန့်ထားသွားမည်ဟု သိရှိရသည်။
လတ်တလော ပြည်တွင်းဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံမှ အန္တရာယ်ဖြစ်စေပြီး မသန့်ရှင်းသော ကျန်းမာရေး ထိခိုက်စေသည့် စားသုံးဆီများ၊ အရက်တု၊ ကြက်ဥအတုအပါအဝင် စားသောက်ကုန်နှင့် ကုန်စည်များစွာ ဝင်ရောက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း စံချိန်စံညွှန်းမီသော စားသောက်ကုန်နှင့် ကုန်စည်များ ပြည်သူများ ဘေးအန္တရာယ် ကင်းကင်းသုံးစွဲနိုင်ရေး လွှတ်တော်က အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“လွှတ်တော်အစည်းအဝေးတွေမှာ ကြက်ဥအတု၊ အရက်တု၊ စံမမီတဲ့ စားသုံးဆီတွေကိစ္စ အရေးတယူဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုတွေကို လွှတ်တော်အမတ်တွေ အကုန်လုံး တညီတညွတ်တည်းဆုံးဖြတ်ပြီး အတည်ပြုခဲ့တာရှိတယ်။ လွှတ်တော်က ဒါကို အလေးထားဆောင်ရွက်နေပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူု့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုသည်။
ယခင်စစ်အစိုးရလက်ထက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးဆိုင်ရာ လိုင်စင်များကို အဓိက တင်းကျပ်စွာ ထိန်းချုပ်ခဲ့သော ဌာနတခုဖြစ်ခဲ့ပြီး ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူ စစ်ဗိုလ်ချုပ်များကိုသာ စီးပွား/ကူးသန်းဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လေ့ရှိသည်။