စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
၎င်း တွေ့ဆုံမေးမြန်းတွင် ဦးခင်ညွန့်က ပြည်တွင်း ငြိမ်းချမ်းရေးရှိရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ရိုးသားမှုရှိမှ အောင်မြင်နိုင်ပြီး လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေး ပန်းတိုင်ရောက်ရန် လိုအပ်နေသေးကြောင်း၊ အစိုးရဝန်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူများနှင့် ထိတွေ့ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ နားထောင်မှသာလျှင် ပြဿနာများ အဖြေထွက်မည် ဖြစ်ကြောင်း ပြောထားသည်။
“ဦးခင်ညွန့်က ပါတီ နိုင်ငံရေးတော့ မလုပ်ဘူး၊ အမျိုးသား နိုင်ငံရေးတော့ လုပ်မယ် ဆိုတော့ သူ့နည်း သူ့ဟန်နဲ့ နိုင်ငံရေး လုပ်မယ် ဆိုတဲ့ သဘော သက်ရောက်တယ်။ နောက်ပြီး အဲဒီ အင်တာဗျူးထဲမှာ ဝန်ကြီးတွေ အနေနဲ့ အောက်ခြေ အထိ ဆင်းပြီး ပြည်သူတွေ ကြားမှာ လေ့လာသင့်တယ် ဆိုတာမျိုး ဝေဖန်ထားတာ တွေ့ရတယ်။ ဒါက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါတီတခု မဖွဲ့ရင်တောင် သူ့အနေနဲ့ တနည်းတဖုံ ပါချင်သေးတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က ပြောသည်။
Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောကလည်း အမျိုးသားနိုင်ငံရေး ဆိုသော ဝေါဟာရသည် အာဏာရှင်ခေတ်မှ နိုင်ငံရေး အသုံးအနှုန်းသာဖြစ်ပြီး လက်ရှိ ပြောဆိုချက်များအရ ဦးခင်ညွန့်သည် နိုင်ငံရေးလောက ပြန်လည် ဝင်လာမည် ဆိုသည်ကို သိသာစေသည်ဟု သုံးသပ်သည်။
“တကယ်တမ်း ပြောရရင်တော့ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ အရင်ခေတ်တုန်းက အသုံးအနှုန်းဟောင်းပါ။ နိုင်ငံရေးက တူတူပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာက နိုင်ငံ့အရေးကို လုပ်တာပဲ။ ရွေးကောက်ပွဲ ဝင်ချင်လည်း ဝင်မယ်၊ မဝင်ချင်လည်း မဝင်ဘူး။ ပါတီဖွဲ့ချင်လည်းဖွဲ့မယ်၊ မဖွဲ့ချင်လည်း မဖွဲ့ဘူး။ အမျိုးသားနိုင်ငံရေးက သန့်ရှင်း မြင့်မြတ်တယ်။ ပါတီနိုင်ငံရေးက ညစ်ပတ်တယ် ဆိုတဲ့ အယူအဆကတော့ လက်မခံဘူး။ နိုင်ငံရေး လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူး၊ နှစ်မျိုးပဲရှိတယ်။ အမျိုးသားနိုင်ငံရေး လုပ်မယ်၊ ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတွေက အရင်တုန်းက အတွေးအခေါ်ဟောင်းပဲ” ဟု ဦးသီဟစောက ဆိုသည်။
ဦးခင်ညွန့် အမျိုးသား နိုင်ငံရေး လုပ်မည်ဆိုသော ပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပြည်တွင်းနိုင်ငံရေး အင်အားစုက သတိဖြင့် စောင့်ကြည့်သွားမည်ဟု ဆိုကြသည်။
NLD ၏ နာယက ဦးဝင်းတင်က ဦးခင်ညွန့်အနေဖြင့် အမျိုးသား နိုင်ငံရေးဆိုသော အသုံးအနှုန်းနှင့် နိုင်ငံရေး မလုပ်ဆောင် သင့်ကြောင်း၊ အမျိုးသား နိုင်ငံရေးကြောင့် နှစ်ပေါင်းများစွာ ပြည်သူ့ အသက်များ ဆုံးရှုံး၊ နစ်နာခဲ့ရကြောင်း ရှင်းပြသည်။
“အမျိုးသား နိုင်ငံရေးဆိုတာ သူတို့ပြောနေတာ တလျှောက်လုံးပဲ။ ကျနော်ပြောချင်တာက ဦးခင်ညွန့် ဘာတွေလုပ်ခဲ့သလဲ၊ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးက ဘာတွေ လုပ်ခဲ့သလဲ။ နောက်တခါ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ နဝတ၊ နအဖ အစိုးရတွေက ဘာတွေ လုပ်ခဲ့သလဲ။ အဲဒီအတွက် ပြည်သူတွေ ဘာတွေ ခံစားရလဲ၊ ဘယ်လောက် နစ်နာခဲ့လဲ။ ဘယ်လောက် အကျိုးမဲ့ခဲ့လဲ၊ ဘယ်လောက်ဆုံးရှုံးခဲ့လဲ၊ ဘယ်လောက်အထိ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ကျခဲ့ရလဲ။ သူ လုပ်ခဲ့တာတွေနဲ့ ယှဉ်ပြောရမှာပဲ။ ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ဘူး။ အဲဒါ သူလုပ်ခဲ့တဲ့ နိုင်ငံရေးပဲ” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသား နိုင်ငံရေး ဆိုသည်ကို ဦးခင်ညွန့်အနေဖြင့် ယခု ထပ်မံ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ အတိတ်ကလည်း အမျိုးသား နိုင်ငံရေးများ တွေ့ခဲ့ပေါင်း များပြီဖြစ်ကြောင်း သူက ဆိုသည်။
“အမျိုးသားနိုင်ငံရေးလည်း လုပ်မနေနဲ့၊ ခင်ဗျားတို့ ဆိုလိုတဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို နားလည်တယ်။ ဒီအမျိုးသား နိုင်ငံရေးဆိုတာကို ကြွေးကြော်လာတာ နှစ်ပေါင်း များစွာ ကြာနေပြီ။ ဦးခင်ညွန့်လုပ်မယ့် အမျိုးသား နိုင်ငံရေးက နောင်နှစ်ပေါင်း ၂၀ ကြာရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ စိတ်ထဲမှာ ပုံစံပေါ်ပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နိုင်ငံရေး လုပ်ချင်ရင်လည်း ပါတီတခုမှာ နိုင်ငံရေး ဝင်လုပ်ပါ။ ဦးသန်းရွှေတို့၊ ဦးခင်ညွန့်တို့ ပြောခဲ့တဲ့ အမျိုးသား နိုင်ငံရေး ဆိုတာကြီးကတော့ တော်ပါပြီ” ဟု ဦးဝင်းတင်က ဆိုသည်။
ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကလည်း ဗိုလ်ချုပ်ခင်ညွန့်၏ နိုင်ငံရေး လုပ်ဆောင်မည်ဟု ပြောဆိုမှုအပေါ် ဝမ်းမသာကြောင်း ပြောသည်။
“ဦးခင်ညွန့်က အစတုန်းက ဘာသာရေးနဲ့ လူမှုရေးပဲ လုပ်မယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ အခု နိုင်ငံရေး ဝင်လုပ်မယ် ဆိုတော့ ကျနော် စောင့်ကြည့်ရမှာပေါ့။ အရင်တုန်းက နိုင်ငံရေးပုံစံ၊ ခြေလှမ်းပုံစံမျိုးနဲ့ အခုခေတ်သစ်မှာ ခြေလှမ်းသစ်တွေ လာလှမ်းမယ်ဆိုရင်တော့ မကြိုဆိုဘူး။ ခြေလှမ်းပြင်တယ်ဆိုရင်၊ တနည်းတဖုံနဲ့ သူက သူ့ခြေလှမ်းသစ်၊ အိုင်ဒီယာသစ် စမယ် ဆိုရင်တော့ စောင့်ကြည့်သွားမယ်” ဟု ဦးဇိုဇမ်က ဆိုသည်။
ဦးခင်ညွန့်အနေဖြင့် အာဏာရှင်ပုံစံ၊ ထောက်လှမ်းရေးကို အသက်သွင်းသော နိုင်ငံရေးမျိုး လုပ်မည်ဆိုပါက လက်ခံမည် မဟုတ်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“လူတယောက်က အမြဲတမ်းဆိုးမနေဘူး၊ အမြဲတမ်းလည်း ကောင်းမနေနိုင်ဘူး။ အပြောင်းအလဲ ရှိနိုင်တာပေါ့။ ကောင်းတဲ့ ဘက်ကို ပြောင်းလာရင်တော့ ကြိုဆိုမယ်။ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ရမယ်။ လက်ရှိ အစိုးရလည်း ထိုနည်း လည်းကောင်းပါပဲ။ ဟိုတုန်းကတော့ တပ်မတော်အနေနဲ့ အာဏာရှင်အနေနဲ့ လုပ်ခဲ့တာပဲလေ။ အခုတော့ စနစ်ကို ပြောင်းပြီးတော့ လုပ်တော့ ကျနော်တို့က ကြိုဆိုတာပဲ။ လက်တွေ့လုပ်တဲ့ အပေါ်မှာ ကောင်းတာဆိုရင်တော့ ဝမ်းသာမယ်။ ဟိုတုန်းကလို အာဏာရှင် ပြန်လုပ်မယ်ဆိုရင်တော့ ဘယ်လက်ခံမလဲ” ဟု ဦးသုဝေက ဆက်ပြောသည်။
၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရာထူးမှ အတင်းအကျပ် အနားပေးလိုက်ပြီးနောက် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ထားခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် မူလက နိုင်ငံရေးမလုပ်ဘဲ လူမှုရေးနှင့် ဘာသာရေး လုပ်ငန်းများသာ လုပ်ကိုင်မည်ဟု မီဒီယာများသို့ မကြာခဏဆိုသလို ပြောဆိုခဲ့ရာမှ မော်ဒန်ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နိုင်ငံရေး လုပ်ဆောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပူးပေါင်းမှုကို ထောက်ခံလိုက်ပြီး တပ်မတော် ခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း တပ်မတော်သာလျှင် ဆိုသော ဆန္ဒစွဲမျိုး စိတ်တွင်မရှိဟု ဆိုခဲ့ဖူးသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင် လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာမရှိဘူး” ဟု ဦးခင်ညွန့်က ပြောခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး ၁၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး ခေါင်းဆောင် အစရှိသည့် အရေးပါသော ထိပ်တန်းရာထူး ခေါင်းဆောင်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။