သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂ရက်ကြာ ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ- ဥရောပ ခေါင်းဆောင်များ၏ ထိပ်သီး ဆွေးနွေးပွဲ(ASEM) တက်ရောက်ရန် လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် သွားရောက်မည်ဟု သမ္မတ ရုံးမှ အတည်ပြုပြောကြား သည်။
ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိသော်လည်း သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
ဦးသိန်းစိန်၏ ယခု လာအို ခရီးစဉ်သည် သမ္မတ တာဝန်ယူပြီးမှ သွားရောက်သည့် ဒုတိယ အကြိမ် ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ အတွင်းက ပထမအကြိမ် သွားရောက်ခဲ့သည်။
နိုဝင်ဘာ ၅-၆ ရက်တွင် ကျင်းပမည့် ASEM အစည်းအဝေးတွင် အာရှနှင့် ဥရောပမှ ခေါင်ဆောင်များက ဒေသတွင်း ကိစ္စရပ်များနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြမည် ဖြစ်သည်။
ဘင်္ဂလားဒေရှ် ဝန်ကြီး ချုပ် ရှိတ်ဟာဆီနာ လည်း ဗီယက်နမ် နိုင်ငံမှ တဆင့် လာအိုနိုင်ငံ သို့ လာရောက်ကာ တက်ရောက်မည်ဖြစ် သည့်အတွက် မကြာသေးမီက ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ်ရှိသည်ဟု လေ့လာသူများက ဆိုသည်။
၁၉၉၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် အာရှ- ဥရောပ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့တွင် နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ် ၅ ကြိမ်မြောက် ASEM အစည်းအဝေး၌ လာအို၊ ကမ္ဘောဒီးယား တို့နှင့်တူ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။
ယခုနှစ် ASEM ထိပ်သီးဆွေးနွေးပွဲသို့ ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Barrosoတို့ လည်း တက် ရောက်မည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းပေး လိုက်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ ဘဏ်၊ အာရှဖွံဖြိုးရေး ဘဏ် ကဲ့သို့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း များ ကလည်း အကူအညီများ ပြန်လည်ပေးအပ်နေသည်။