ပန်းချီဆရာ ၁၀၀ ကျော် ပါဝင် ရေးဆွဲထားသည့် ပန်းချီကားပေါင်း ၁၃၀ ကို နိုဝင်ဘာလလယ်တွင် တော်ဝင်နှင်းဆီ ခန်းမ၌ Art of Peace အမည်ဖြင့် ပြပွဲကျင်းပကာ ပန်းချီကား ရောင်းရငွေများကို ကချင်စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေထိုင် နေရသည့် ဒုက္ခသည်များအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းအလှူငွေများကို ကချင်စစ်ပြေး ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရန် ပညာသင်ကြားပေးခြင်းနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး အသိပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ရာတွင်လည်း သုံးစွဲသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ အဖြူရောင် တွဲလက်များ အဖွဲ့မှ မဖြူအိသိမ်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“အသက်မွေးဝမ်းကျောင်း ပညာကိုတော့ သူတို့တတ်မြောက်တဲ့အထိ သင်တန်းပေးမှာပါ။ သက်မွေးပညာရပ်ဆိုတော့ ၁ လ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှဟုတ် ၆ လလောက် ကြာရင်လည်း ကြာမှာပေါ့။ မန့်ဝိန်းကြီးနဲ့ ဗန်းမော်ကိုတော့ သင်တန်း အရင်ပေးမယ်။ ကျန်တဲ့နေရာကတော့ လုံခြုံရေးအရ ညှိနှိုင်း လုပ်ဆောင်နေပါတယ်” ဟု မဖြူအိသိမ်းက ထပ်ပြောသည်။
အသက်မွေး ဝမ်းကျောင်း ပညာရပ်များတွင် အဓိကအားဖြင့် စက်ချုပ်သင်တန်း၊ လက်မှုပညာ၊ နည်းပညာတို့ ပါဝင်ပြီး၊ တဆက်တည်း ဈေးကွက်နှင့် ချိတ်ဆက် ဆောင်ရွက်ပေးကာ စစ်ဘေးရှောင် ဒေသများရှိ ပြည်သူများအတွက် ဝင်ငွေရရှိ စေရန် တတ်နိုင်သမျှ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းပန်းချီပြပွဲတွင် ပါဝင်ပြသသည့် ပန်းချီဆရာများသည် ရောင်းရသော ပန်းချီကားတချပ်၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ရာနှုန်းပြည့် လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“NGO တွေနဲ့ တခြား အဖွဲ့အစည်းတွေ အနေနဲ့ အသိပညာ ပေးချင်တာတွေ၊ လုပ်ငန်းဆောင်ရွက် လိုတာတွေ ရှိရင်လည်း ကျမတို့နဲ့ ဆက်သွယ်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ စီစဉ်ပေးသွားမှာပါ။ အခု လောလောဆယ်မှာ ဆောင်းရာသီ ရောက်လာပြီဆိုတော့ စစ်ဘေးရှောင် စခန်းတွေမှာ အနွေးထည်တွေ မလုံလောက်ဘူး” ဟုလည်း မဖြူအိသိမ်းက ဆိုသည်။
ပန်းချီပြပွဲကို နိုဝင်ဘာ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါ ရက်များအတွင်း ကဗျာရွတ်ပွဲ၊ Performance အနုပညာ ပြသပွဲ၊ တယောထိုးခြင်း စသည့် အစီအစဉ်ကို တရက်တမျိုး ထည့်သွင်းသွားမည် ဟုလည်း သိရသည်။
ယင်းပွဲတွင် ပါဝင်ကူညီပြသမည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “ကျနော့် ပန်းချီကား တကာ ပြပါမယ်။ ဈေးကိုတော့ ကျနော် ဘယ်တော့မှ မသတ်မှတ်ထားဘူး။ ပြီးတော့ ကျနော့်အနေနဲ့က ပန်းချီဆက်ပြီး ဆွဲနိုင်အောင် ဆေးဖိုးလောက် ပြန်ရရင် တော်ပါ ပြီ” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အနာဂတ် ပျောက်ဆုံးနေသည့် ကလေးငယ်များကို အနာဂတ်ရှိအောင် အနုပညာဘက်မှ နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင် နေကြောင်း၊ လူထုလူတန်းစား အားလုံး ဝယ်ယူနိုင်ရန်အတွက် ပန်းချီကို ဓာတ်ပုံ ပုံနှိပ်ပြီး မိတ္တူ များများ ရောင်းလိုသည့် စိတ်ရှိကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။
ဒီဇိုင်း စိုးဝင်းငြိမ်းကလည်း ငြိမ်းချမ်းရေးနှင့် ပတ်သတ်သည့် ပြပွဲဖြစ်သည့်အတွက် ဖိတ်စာဒီဇိုင်းမှ အစ အခကြေးငွေ မယူဘဲ ဆွဲထားသည့် ပန်းချီကား ရောင်းရငွေများကိုပါ အားလုံး လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ယခုအခါ ငြိမ်းချမ်းရေး အတွက် အနုပညာရှင်နှင့် ပြည်သူများ ပါဝင်လာသည့်အတွက် အလွန်ဝမ်းမြောက် ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးပွဲဖြစ်သည့်အတွက် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ၎င်း၏ ပန်းချီကားကို ပြသသွားမည် ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ အနုပညာရှင်တိုင်းရော၊ ပြည်သူတိုင်းရော၊ စစ်ပွဲတွေ ဖြစ်နေတာ မကြိုက်ကြ ပါဘူး။ လူသားတစ်ယောက် အနေနဲ့ စစ်ပွဲ အမြန်ငြိမ်းအေးစေချင် ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားတချပ်နဲ့ ဝယ်စုထားတဲ့ ပန်းချီကားတစ်ချပ်ပါ လှူဒါန်းသွားမှာပါ”ဟု ပန်းချီဆရာ ကိုငြိမ်းချမ်းစုက ဆိုသည်။
အဆိုပါပွဲတွင် ပါဝင်ပြသမည့် ပန်းချီဆရာများ၏ ပန်းချီကားရောင်း လှူဒါန်းငွေများအားလုံးကို ကချင်စစ်ဘေးရှောင် စခန်းများသို့ ရာနှုန်းပြည့် လှူဒါန်းကူညီသွားမည် ဟုလည်း သိရသည်။