ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၅ သန်း ချေးငွေနှင့် အကူအညီများ လာမည့် တနှစ်ခွဲအတွင်း ပေးမည် ဖြစ်သည်။ ဒေါ်လာ သန်း ၈၀ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် ပေး ရန် အတည်ပြု ထားကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိသည်။
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ကြားဖြတ်မဟာဗျူဟာကို နိုဝင်ဘာလ ၂ ရက်နေ့ ကထုတ်ပြန်ခဲ့သည်။ ၁၈ လစာအတွက် ရေးဆွဲထားပြီး အချိန်စေ့သည့်အခါ ပြန်လည်သုံးသပ်ကာ ရေရှည်စီမံကိန်းကို ချမှတ်ရေးဆွဲမည်ဖြစ်သည်။
အခြားနိုင်ငံများတွင် နိုင်ငံပြန်လည်ထူထောင်ရေး မဟာဗျူဟာများကို လေးနှစ်တာ အတွက် ရေးဆွဲလေ့ရှိသော်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲသို့ ဦးတည်နေသည့်အတွက် ကြားဖြတ်အစီအစဉ် ၁၈ လစာရေးဆွဲပြီး ရလဒ်ကိုကြည့်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခန်သန်ရှန်ကာက ပြောသည်။
ကြားဖြတ် မဟာဗျူဟာတွင် အပိုင်း ၃ ပိုင်းရှိပြီး နိုင်ငံတော် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမူများ ပြုလုပ်ခြင်း၊ ယုံကြည်မူတည်ဆောက်ခြင်း ရှေ့ဆက် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြင်ဆင်ခြင်းတို့ပါဝင်သည်။
“ ကျနော်တို့ဆွဲထားတဲ့ မဟာဗျူဟာက စင်းလုံးချော မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံး အလုပ်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေက အများကြီး အထောက်အကူ ဖြစ်စေမှာပါ” ဟု ခန်သန်ရှန်ကာ က ပြောသည်။
ကမ္ဘာ့ဘဏ် ကြားဖြတ် မဟာဗျူဟာ၏ ရည်ရွယ်ချက်တွင် ပြည်သူလူထုနှင့်ဆိုင်သည့် ဘတ်ဂျတ်စီမံခန့်ခွဲမူကို အားဖြည့်ရန်နှင့် နိုင်ငံတော်ဘတ်ဂျတ် သုံးစွဲပုံများ ပွင့်လင်းမူရှိစေရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ချေးငွေ အလွယ်တကူရစေရန် အတားအဆီးဖြစ်နေသော မူဝါဒများ ပြုပြင်ရန်၊ နိုင်ငံလုံးဆိုင်ရာ ဘောဂအခင်းအကျင်းနှင့် အလုပ်ကိုင် အခွင့်အလမ်းများပေါ်ပေါက်နိုင်ရေးကို နားလည်သဘောပေါက်စေပြီးပြီး ပုဂ္ဂလိကကဏ္ဏ တိုးတက်မူများ ရှိစေရန်တို့ပါဝင်သည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို ပြည်တွင်းပြည်ပမှ ပိုမိုယုံကြည်မူရှိလာစေရန်လည်း ကမ္ဘာ့ဘဏ်က ကူညီပေးရန်ရှိကြောင်း ခန်သန်ရှန်ကာ ကပြောသည်။ ပြည်တွင်းမှ ယုံကြည့်မူရှိစေရန်အတွက် စစ်ဖြစ်ပြီးစ နိုင်ငံ၊ ပဋိပက္ခဖြစ်ပွားပြီးစ နေရာများဖြစ်သော အာဖဂန်၊ အင်ဒိုနီးရှားမှ အာချေး၊ ဖိလစ်ပိုင် မင်ဒနအို ဒေသ များတွင် ပြုလုပ်ခဲ့သည့် Community Driven Development (CDD) ရပ်ရွာအခြေပြု ဖွံ့ဖြိုးတိုးတက်မူ လုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၈၀ ကို ချမှတ်ထားသည်။ ယင်းစီမံချက်အတွက် စီမံကိန်း လည်ပတ်မည့်ပုံစံကို နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲပြီး ၂၀၁၃ ခုနှစ် တွင် စတင်မည်ဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေက အများကြီး၊ ကျနော်တို့လုပ်နိုင်တာက နည်းတယ်ဆိုတာ သိပါတယ် ” ဟု ရံပုံငွေ ဒေါ်လာ သန်း ၈၀ နှင့်စပ်လျဉ်းပြီး ခန်သန်ရှန်ကာ ကပြောသည်။
သန်း ၈၀ ကို အစိုးရမှ တဆင့် ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက စီမံကိန်းများ အကောင်အထည်ဖော်သူအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။ ယင်းငွေကြေး အထောက်အပံ့သည် ငြိမ်းချမ်းသော ဒေသများအတွက်သာ ဖြစ်ပြီး ၆ နှစ်အတွင်း အပြီးဖော်ဆောင်သွားမည် ဖြစ်သည်။ ယင်းစီမံချက်များ အောင်မြင်မူကို ပြသပြီး ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ဖွံ့ဖြိုးရေး စီမံချက်များ ပြုလုပ်ရန်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၅ သန်းကို ကမ္ဘာ့ဘဏ်က နိုင်ငံတကာ အလှူရှင်နိုင်ငံများ အသိုင်းအဝိုင်းတွင် အလှူခံပေးမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်သည် လုံလောက်သော တွေ့ဆုံဆွေးနွေးမူများ မလုပ်ခဲ့ဟု မြန်မာနိုင်ငံ အရပ်ဖက်လူ့အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ဘဏ်သို့ ဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်း ၄၀၀နှင့် အာရှဖွံဖြိုးရေးဘဏ်သို့ အကြွေး သန်း ၅၀၀ စုစုပေါင်း သန်း ၉၀၀ နီးပါး အကြွေးတင်လျက်ရှိသည်။ ယင်းအကြွေးများကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ပြီး ၂၀၁၃ အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးငွေ အစီအစဉ်များကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
“ အကြွေးတွေလျော်ပစ်ဖို့ လုံးဝမရှိပါဘူး ” ဟု ခန်သန်ရှန်ကာ ကပြောသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ တင်နေသည့် အကြွေးများကို ဂျပန်အစိုးရက အစားဝင်ဆပ်ပေးမည်ဖြစ်သည်။
အကြွေးများရှင်းသွားပါက ကမ္ဘာ့ဘဏ်သည် လမ်း တံတား ဆက်သွယ်ရေး ရေ မီး နှင့် စွမ်းအင်ကဏ္ဍများအတွက် ငွေထုတ်ချေးရန် စိတ်ဝင်စားလျက်ရှိသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိကြောင်း ကမ္ဘာ့ ဘဏ် ဒုတိယအကြီးအကဲ ပန်မီလာ ကောက်စ် ကို ကိုးကား၍ Reuters သတင်းတွင် ရေးထားသည်။