ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးငယ်များမှာ မြေစာပင်ကဲ့သို့ ဖြစ်နေပြီး ပညာရေးအတွက် စိုးရိမ်စရာ ဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
ပဋိပက္ခ ဖြစ်ပွားခဲ့သော နေရာများတွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် နှစ်ဘက်စလုံးမှ ကလေးများသည် ယခုနှစ် တနှစ်လုံး ကျောင်းမနေရသည့် အခြေအနေ ကြုံတွေ့နေရကြောင်း၊ လက်ရှိထပ်မံ ဖြစ်ပွားသော ပဋိပက္ခဖြစ်စဉ်တွင် ထွက်ပြေးနေရသူများ၊ ပုန်းအောင်းနေရသူများထဲတွင် ကျောင်းနေအရွယ် ကလေးများ ထက်ဝက်နီးပါး ပါဝင်နေကြောင်း သိရသည်။
“မင်းပြားမြို့က ရခိုင်ဒုက္ခသည် စခန်းတွေမှာဆိုရင် သက်ကြီးရွယ်အိုရယ်၊ မိန်းမတွေနဲ့ ကလေးတွေရယ်ပဲ ရှိကြတယ်။ အဲဒီအထဲမှာ ဆိုရင် ကျောင်းနေနေကြရတဲ့ ကလေးတွေ အများဆုံးပဲ။ အခြေခံ အဆင့်တွေ အားလုံးပေါ့။ အခုတရက်၊ နှစ်ရက်လောက်ကမှ မြောက်ဦးက ဒုက္ခသည်စခန်းကို တက်လာတဲ့ ဘူးချောင်းရွာက ဆိုရင် ဒီနှစ်တနှစ်လုံး ကျောင်းမနေ လိုက်ရဘူး။ အရင်က အစ္စလမ်အများစုနေတဲ့ ရွာတွေမှာပဲ ကျောင်းသွားတက်ရတော့ ဇွန်လထဲက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ အဲဒီရွာမှာ ကျောင်းသွားမတက်ရဲ ကြတော့ဘူး” ဟု မြောက်ဦးမြို့ပေါ်ရှိ ရခိုင်လူငယ် ကွန်ရက်ခေါင်းဆောင် ကိုထွန်းထွန်းက ပြောသည်။
မြောက်ဦးမြို့ပေါ်ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ဒုက္ခသည် ၁ ထောင်ကျော်ထဲတွင် ကျောင်းသားကျောင်းသူ ၁၆၁ ဦးပါဝင်ကြောင်း သိရသည်။
ကျောက်ဖြူမြို့ပေါ်တွင်လည်း လက်ရှိအခြေအနေအထိ ကျောင်းများ ဖွင့်နိုင်ခြင်း မရှိသေးကြောင်း၊ သို့ရာတွင် မြို့အတွင်းရှိ မွတ်စလင်များကို မြို့နှင့် သုံးမိုင်ခန့်ကွာသော ကျောက်တလုံး ဆားကွင်းသို့ ရွှေ့ပြောင်းပေးလိုက်ပြီ ဖြစ်သောကြောင့့် မကြာမီ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရကြောင်း ကျောက်ဖြူမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့မှ အတွင်းရေးမှူး ကိုလှမျိုးကျော်က ဆိုသည်။
“လောလောဆယ် အခြေအနေအရ ပြန်လည်ထူထောင်ရေး ဘက်ကိုပဲ ဦးစားပေး လုပ်နေရသေးတယ်။ ကျောင်းတွေ၊ ဈေးတွေ မဖွင့်နိုင်သေးဘူး။ အစိုရဘက်ကလည်း ဒီပဋိပက္ခတွေ အေးအေးဆေးဆေး ဖြစ်သွားဖိုကိုပဲ ဦးစားပေး လုပ်နေဦးမယ် ထင်တယ်” ဟု သူက ပြောသည်။
ပဋိပက္ခ ဒေသများရှိ ရွာတချို့တွင် နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများသည် မွတ်စလင်များနှင့် ဝေးရာ ဆွေမျိုးသားချင်းများ ရှိသော ကျေးရွာများ၌ ခိုလှုံမှုများ ရှိနေသောကြောင့် ကျောင်းနေအရွယ် ကလေးများ၏ အရေအတွက်ကို အတိအကျ ခန့်မှန်းနိုင်ရန် မဖြစ်နိုင်သေးကြောင်း ကိုထွန်းထွန်းက ရှင်းပြသည်။
မြောက်ဦးမြို့ပေါ်သို့ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသား အရေအတွက်သည် တနေ့ထက် တနေ့ တိုးလာနေကြောင်း သူက ဆက်ပြောသည်။
ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသားများ အတွင်းတွင်သာမက မွတ်စလင်များ ထဲတွင်လည်း ယနေ့အထိ ကျောင်းမတက်နိုင်သေးသည့် ကလေးများစွာ ရှိနေကြောင်းသိရသည်။
အောက်တိုဘာ ၂၁ ရက်နေ့က စတင်၍ ထပ်မံဖြစ်ပွားသော လက်ရှိ ပဋိပက္ခကြောင့် ထွက်ပြေးလာကြသည့် ကမန် တိုင်းရင်းသားများ အပါအဝင် မွတ်စလင်များထဲတွင်လည်း စာမေးပွဲ ဖြေဆိုနေစဉ် ထွက်ပြေးလာရသူများ ပါဝင်ကြောင်း၊ ပဋိပက္ခဆက်လက် ဖြစ်ပွားပြီး ဒုက္ခသည်စခန်းများတွင်သာ ယခုကဲ့သို့ ခိုလှုံနေရလျှင် ကျောင်းသား ကလေးငယ်များအတွက် မျှော်လင့်ချက် ကင်းမဲ့သွားမည်ကို စိုးရိမ်ကြောင်း ကျောက်ဖြူအနောက် ပိုက်ဆိုက်ရပ်ကွက်မှ စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလာသော ကမန်တိုင်းရင်းသား ကျောင်းဆရာ ကိုနေစိုးနိုင်က ပြောသည်။
“၄ ရက်မြောက်နေ့မှာပဲ စာမေးပွဲဖြေလိုက်ရပြီး ပြေးလာရတယ်။ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာ ကျောင်းမနေတဲ့ကလေး မရှိပါဘူး။ လောလောဆယ် ဒီလို ထွက်ပြေးလာခဲ့ရတော့ ပညာရေးဆိုတာ လုံးဝမရှိသလို ဖြစ်နေတယ်။ နောက်ပိုင်း ရှေ့ဆက် သူတို့ဘဝတွေ လူညွန့်တုံးသွားဖို့ပဲ ရှိတယ်” ဟု သူက ပြောသည်။
ထို့အပြင် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ျားထဲတွင်လည်း ပထမနှစ်ဝက်ကို ၃ ဘာသာသာ ဖြေဆို လိုက်ရသူများ ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တွေမြို့ ဝန်းကျင်ရှိ ဘုမေ၊ သက်ကယ်ပြင်၊ ဒါးဗိုင်၊ ဥယျာဉ်သာ၊ ခေါင်တုတ်ကာ၊ ဆေးသမားကြီး၊ ပွေယာကုန်း၊ ဘောဒူဗ၊ အုန်းတောကြီး၊ အနောက်စံပြဘာစာယာ စသော ဒုက္ခသည်စခန်းတို့တွင်လည်း ဇွန်လအတွင်းက ဖြစ်ပျက်ခဲ့သော ပဋိပက္ခများကြောင့် ရွာခံများ အပါအဝင် မွတ်စလင် ၁၂၀၀၀၀ တွင် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၁ သောင်း ဝန်းကျင်ခန့် ရှိနေကြောင်း စစ်တွေမြို့နာဇီရပ်ကွက်မှ သဲချောင်းသို့ ရောက်ရှိနေသော အစ္စလမ်ဘာသာဝင် ကိုလှမြင့်က ပြောသည်။
ထိုကလေးငယ်များသည် ယခု စာသင်နှစ် တနှစ်လုံး ကျောင်းမတက်ရတော့ဘဲ ရှိနေကြောင်း၊ မိဘများ အနေဖြင့်လည်း ဒုက္ခသည်စခန်းအတွင်း စားသောက်နေထိုင်ရေးအတွက် လုံးပန်းနေရသောကြောင့် ကလေးများ၏ ပညာရေးဘက်သို့ ခြေဦးလှည့်ချိန် မရကြောင်း သူက ဆိုသည်။
“အစိုးရကတော့ လုပ်ပေးမယ် ပြောထားတယ်။ အခုထိတော့ ဘာမှ မလုပ်ပေးသေးဘူး။ တချို့နေရာတွေမှာ ကျောင်းတွေ ရှိပေမယ့် သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေ မရှိဘူး။ ပဋိပက္ခတွေ ကြောင့်ပေါ့ဗျာ။ မိဘတွေကလည်း အိုးအိမ်ပျက်၊ စီးပွားပျက်ဆိုတော့ ပိုက်ဆံနည်းနည်းရှိခဲ့တဲ့ လူလတ်တန်းစားတွေတောင် ပညာရေးဘက်ကို လုံး၀ မလှည့်နိုင်တော့ပါဘူး” ဟု ကိုလှမြင့်က ပြောသည်။
ငွေကြေးချမ်းသာသူ တချို့သာ သားသမီးများကို နေအိမ်တွင် ဆရာ၊ ဆရာမများ ငှားရမ်းပြီး သင်ကြား ပေးမှုရှိကြောင်း၊ ထိုအရေအတွက်မှာလည်း ဒုက္ခသည်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် ၁ ရာခိုင်နှုန်းပင် မရှိကြောင်း သူက ဆိုသည်။
“ဒီလထဲမှာပဲ တက္ကသိုလ်တွေမှာ နေ့တက်ကျောင်းသားတွေ စာမေးပွဲဖြေသွားတယ်။ ကျနော်တို့ဘက်က ကျောင်းသားတွေ မပါခဲ့ပါဘူး။ အခု အဝေးသင် စတော့မယ်။ အခြေအနေက ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး။ ဒီ ဒုက္ခသည် စခန်းထဲကနေ ဘယ်ကိုမှ သွားလာလို့ မရဘူးဖြစ်နေတော့ ကလေးတွေရဲ့ ပညာရေးအတွက် အရမ်းကို စိုးရိမ်မိတယ်” ဟု သဲချောင်း ဒုက္ခသည်စခန်းမှ ကိုစိုးလွင်က ပြောသည်။