လူကြီးမင်း ဖုန်းဆိုင်၏ မဟာအထူးလျှော့ ဈေးရောင်းပွဲတော်၏ အစီအစဉ် အားနည်းချက်များကြောင့် ဖုန်းဝယ်ယူလိုသူများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ရန်ကုန်မြို့တွင်းရှိ လူကြီးမင်း ဖုန်းဆိုင်များကို ယာယီ ပိတ်ထားလိုက်ရကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့နှင့် မကွေးမြို့ရှိ ဖုန်းဆိုင်များတွင် Samsung Mini ဖုန်းတလုံးကို မဟာလျှော့ဈေး အဖြစ် တလုံး ကျပ် ၅ ထောင်ဖြင့် ရောင်းချပေးမည်ဆိုသည့် ကြေညာချက်ကြောင့် လာရောက်ဝယ်သူ များပြားလာပြီး ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်၏ မန်နေဂျင်း ဒါရိုက်တာ ဦးရန်နိုင်စိုးမြင့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ကြေညာချက် အားနည်းလို့ ဖြစ်တာပါ။ စားသုံးသူတွေကို တောင်းပန်ပါ တယ်။ စားသုံးသူတွေက အဲဒီလောက်အထိ များမယ်လို့ မျှော်လင့် မထားတာလည်း ပါတာပေါ့” ဟု ဆိုသည်။
မဟာ အထူးလျှော့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီအထိ လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုကင် စနစ်ဖြင့် ကံစမ်းမဲဖောက် ရောင်းချပေးမည်ဆိုသည့် သတင်းများ ထုတ်ပြန် ထားခဲ့ကြောင်း၊ ဝယ်လိုအားသည် ခန့်မှန်းထားသည်ထက် များလာကာ လုံခြုံရေးရဲများပင် ဝင်ရောက် ဖြေရှင်းပေးရသည် အထိ ဖြစ်ပွားခဲ့ရ၍ ၎င်းအစီအစဉ်ဖြင့် ဖုန်းရောင်းချခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်တွင်မှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
စားသုံးသူတချို့သည် မဟာအထူးလျှော့ဈေးကို အလွန် စိတ်ဝင်စားသည့်အတွက် နံနက် ၄ နာရီမှ စတင်ကာ တိုကင်ယူရန် စောင့်ဆိုင်းနေကြကြောင်း၊ တိုကင်ပေးမည့် အချိန်တွင် ဆိုင်ရှေ့၌ လူဦးရေ ၁၀၀ ကျော် ရှိလာကြောင်း၊ တိုကင်ရရှိရေး တိုးဝှေ့ကာ တဦးနှင့် တဦး တိုးတိုက်ထိခိုက်မိကြပြီး နောက်ဆုံးတွင် ဆိုင်များကို ခဲနှင့်ပေါက်ခြင်း၊ ဆိုင်းဘုတ်ကို ရိုက်ချိုးခြင်း စသည့် အခြေအနေများသို့ ရောက်ရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ သည့် လသာမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီး တဦးက ဆိုသည်။ အလားတူ အဖြစ်အပျက်များမှာ လူကြီးမင်း ဆိုင်ခွဲ ၁၁ ဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ လူကြီးမင်း ဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်းက “ကျနော်တို့ ခန့်မှန်း ထားတာက မြို့တွေအားလုံးမှာ ဖုန်းအလုံးရေ ၁၂၀ ပဲခန့်မှန်းတာ။ အဲဒီလောက်အထိ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါလည်း ကျနော်တို့ဘက်က လိုအပ်ချက်တွေပါ။ နောက်နောင် ဒီလိုမဖြစ်အောင် ဒီဖြစ်စဉ်က အတွေ့အကြုံတွေ အများကြီး ပေးခဲ့ပါတယ်” ဟု ယမန်နေ့က Park Royal ဟိုတယ်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဖုန်းဟန်းဆက် တလုံးလျှင် ကျပ် ၅၀၀၀ ဖြင့် ကံစမ်း ရောင်းချပေးခြင်းကို ရန်ကုန်တွင် ပါရမီရှိ ဆိုင်ခွဲ တဆိုင်၌သာ ယခုတပတ် အတွင်း ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ကျန်ဆိုင်များတွင် တခြားအစီအစဉ် သစ်များ ထည့်သွင်းကာပြု ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် Samsung Mini ဟန်းဆက် တလုံးကို ပုံမှန်ဈေး ကျပ် ၁၂၀၀၀၀ ဖြင့် ရောင်းချလျှက်ရှိသည်။