ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။
ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-ဝန်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။
သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မိမိ ဖခင် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို တာချီလိတ်ခရီးစဉ်အတွင်း အုပ်စုတစုက လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း၊ လာမည့်သောကြာနေ့ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူ စေတီတွင် ပြုလုပ်မည့် မစ္စတာသက်ဆင်နှင့် ရှပ်နီများ ပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစုက လုပ်ကြံရန် ကြံစည်နေခြင်းဖြစ်သည်ဟု ရေးသားထားသည်။
ထိုင်းကာကွယ်ရေး ဝန်ကြီး စုကမ်ဖု စုဝမ့်နာထက်က အဆိုပါ သတင်းများသည် ကောလဟာလများသာဖြစ်သည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် သောကြာနေ့က တာချီလိတ်မြို့မစ္စတာသက်ဆင် တည်းခိုမည့် ရက်ဂျီနားဟိုတယ်အနီးရှိ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး ၃ လုံးနှင့် အမ် ၁၆ ကျည်ကပ် တခုကို မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မစ္စတာသက်ဆင်အနေဖြင့် ဝန်ကြီးချုပ်တာဝန်ယူစဉ်က ထိုင်း- မြန်မာနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး နိုမ်နင်းရေးကို အပြင်း အထန် ပြုလုပ်ခဲ့ဖူးရာ တချို့သော မူးယစ်ဆေးဝါး ထုတ်လုပ်သည့်အဖွဲ့များက လုပ်ကြံနိုင်သည်ဟု ဖန်ထုံထေ့ရှင်နာဝပ်က ရေးသား ဖော်ပြသည်။
အာဏာ အလွဲသုံးစားလုပ်မှု၊ ခြစားမှုများဖြင့် စွပ်စွဲခံရပြီး သက်ဆင်ဦးဆောင်သော ထိုင်းအစိုးရကို ထိုင်းစစ်တပ်က ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းအပြီး သက်ဆင် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ ယင်းအမှုများကို ရင်ဆိုင်ရန် ထိုင်းတရားရုံးချုပ်မှ ဆင့်ခေါ်ထားသည်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက ဝရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာသက်ဆင်ကို ဖမ်းဆီးကာ ထိုင်းတရားဥပဒေအတိုင်း ရင်ဆိုင်ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမ ယင်လပ်ရှင်နာဝပ်ဦးဆောင်သော လက်ရှိထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။
လာမည့် နိုဝင်ဘာ ၈ ရက်က ၁၀ ရက်ထိ ကြာမည့် သက်ဆင်၏ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ရန်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။