မြန်မာ နိုင်ငံသားဖြစ်မှု ဥပဒေ (၁၉၈၂ ခုနှစ်) ကို ပယ်ဖျက်ပေးရန် အဆိုအား အမျိုးသားလွှတ်တော်၌ တင်သွင်းရာ ကန့်ကွက် သူ များပြားသည့်အတွက် မှတ်တမ်းအဖြစ်သာ ထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ခုနှစ် အား ပယ်ဖျက်၍ ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲရေး အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် (၇) မှ ဦးတင်မြ က တင်သွင်းခြင်းဖြစ်သည်။ ထိုအဆို အား ကိုယ်စားလှယ် ၁၀ ဦး ဝန်းကျင်က ဆွေးနွေးကြပြီး ရခိုင်၊ မွန်၊ ရှမ်း စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ က အဆိုကို ကန့်ကွက်ကြသည်။
ယင်းအဆိုနှင့်ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ ကလည်း လက်ရှိအစိုးရ လက်ထက်မှ စ၍ ခေတ်နှင့်မညီတော့သည့် ဥပဒေများကို တခုပြီးတခု ပြင်ဆင်နေကြောင်း၊ ၁၉၈၂ ဥပဒေတွင်လည်း လုပ်ထုံး၊ လုပ်နည်း စာသား တချို့နှင့်ငွေကြေး သတ်မှတ်ချက်များမှာ ခေတ်နှင့်မညီတော့သည့်အတွက် ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည် ရှင်းလင်း တင်ပြသည်။
၁၉၈၂ ခုနှစ် ဥပဒေသည် ၆ နှစ်ကျော်အထိ အချိန်ယူပြီး ဥပဒေ ပညာရှင်များ ကွင်းဆင်း၍ လူထုလူတန်းစား အားလုံးကို ချပြ ကာ ပြန်လည် စိစစ် ဆန္ဒခံယူ၍ ရေးဆွဲ အတည်ပြုထားခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးခင်ရီ က ဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် ကလည်း ၁၉၈၂ ခုနှစ် ဥပဒေသည် မြန်မာ တနိုင်ငံလုံးသို့ နိုင်ငံခြားမှ တရားမဝင်ခိုးဝင်လာသည့် တိုင်းတပါးသားများ လွှမ်းမိုးမှု အန္တရာယ် ကို ကာကွယ်ပေးထားသည့် ဥပဒေ တရပ်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွက်သာ မက တနိုင်ငံလုံးမှ တိုင်းရင်းသားများအတွက် လိုအပ်ကြောင်း၊ ဖျက်သိမ်း အသစ်ရေးဆွဲမည်ဆိုပါက တိုင်းရင်းသားများအတွက် နစ်နာမည်ဖြစ်ကြောင်း တင်ပြ ဆွေးနွေး သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှ ဒေါက်တာ ဗညားအောင်မိုး ကလည်း ထိုဥပဒေသည် ပြင်ဆင်ရန် မလိုအပ်သကဲ့သို့ ပယ်ဖျက်ရန်လည်း မလိုအပ်ကြောင်း၊ ထို့ကြောင့် အဆိုကို ကန့်ကွက်ကြောင်း ဆွေးနွေးသည်။
၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ နိုင်ငံတွင်း ရောက်ရှိနေထိုင်သည့်သူများမှ နိုင်ငံ တွင်း မွေးဖွားသည့် သားသမီးများသည် နိုင်ငံသား လျှောက်ထားနိုင်ကြောင်း ပြဌာန်းထားသည်။
အကယ်ဤ နိုင်ငံသားဖြစ်ခွင့်ပြုခံရသူ မိဘနှစ်ပါးအနက် တဦးဦးသည် နိုင်ငံသားအဖြစ် ဆုံးရှှုံးလျှင် အသက် ၁၈ နှစ်မပြည့်သေး သူ သားသမီးနှင့် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား ကတိသစ္စာ မပြုရသေးသူ သားသမီးများသည်လည်း နိုင်ငံသားဖြစ်ခွင့်မှ ရပ်စဲခံရ မည်ဖြစ်ကြောင်း ဥပဒေ က ဆိုထားသည်။
ထိုဥပဒေ၌ နိုင်ငံသား တဦးဦးသည် မဟုတ်မမှန် ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ် ရရှိပါက နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခြင်း ခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ကျပ် ၅ သောင်း ကျခံစေရန် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ နယ်မြေ တခုခု၌ ၁၈၂၃ ခုနှစ်(မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေ ထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာ နိုင်ငံ သားများ ဖြစ်ကြောင်းလည်း ပြဌာန်း ထားသည်။