ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မဂါးယန် စစ်ပြေး ဒုက္ခသည် စခန်းတွင် ရေကြောင့်ဟု ယူဆရသော အရေပြားရောဂါ တမျိုး ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ထို မဂါးယန် ဒေသသို့ ၂၀၁၁ ခုနစ် ဇူလိုင်လ ၁၇ ရက် နေ့တွင် စစ်ပြေး ဒုက္ခသည်များ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ပတ်ဝန်းကျင်တွင် ထိုအရေပြားနာများ စတင်ခံစားလာရခြင်း ဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည် တဦးက ပြောသည်။
“မိုးရာသီတုန်းက ပိုဆိုးတယ်။ ရာသီဥတု ပူရင်လည်း အဖုတွေ ပိုများလာတယ်။ အခု ဆောင်းရာသီရောက်တော့ နည်းနည်း သက်တာတယ် ဆိုပေမယ့် ဆေးလိမ်းတာ ရပ်လိုက်ရင် ပြန်ဖြစ်တယ်။ ဆေးကလည်း နည်းနည်းပဲ ရတော့ ကလေးတွေကိုပဲ ဦးစားပေး လိမ်းပေးနေရတယ်” ဟု ၎င်းက ဆိုသည်။
အသက်အရွယ်ကြီးသူ လူကြီးများ၏ ခြေချောင်း၊ လက်ချောင်းများ ကြားတွင် အရေကြည်ဖုများ ပေါက်နေကြောင်း၊ ကလေးငယ်များ၏ မျက်နှာနှင့် ခန္ဓာကိုယ် တခုလုံး ယားနာကဲ့သို့သော အနာများ ဖြစ်ပွားနေကြောင်း သိရသည်။
“ကျမတို့ ဒီကို ရောက်တာနဲ့ ရေကို ကျိုသောက်ဖို့ တအိမ်တက်ဆင်း လိုက်ပြောတယ်။ နေ့တိုင်း လိုက်ပြောရတယ်။ သောက်ရေက ကျိုသောက်လို့ ရပေမယ့် သုံးရေကို ဒီအတိုင်း သုံးနေရတော့ ခုခံအားနည်းတဲ့ ကလေးတွေမှာ အခုထိ ဖြစ်ကြတုန်းပဲ” ဟု မဂါးယန် ဒုက္ခသည် စခန်းမှ ကျန်းမာရေးဆရာမ မသိမ်းဝမ်က ပြောသည်။
အဆိုပါ ကူးစက်ယားနာ အရေပြားရောဂါများ အတွက် Caldryl ဆေးကို လိမ်းဆေး အဖြစ်ပေးနေရပြီး အခြေအနေဆိုးဝါးသော ကလေးငယ်များကို ပင်နီဆလင်၊ ဆပ်ဒရာဒင်း စသည့် ဆေးများကို အဆင်ပြေသလို ထိုးပေးနေရကြောင်း၊ သို့ရာတွင် ဆေးဝါး လုံလောက်မှု မရှိခြင်းကြောင့် အမြစ်ပြတ် ပျောက်ကင်းအောင် ကုသမှု မပေးနိုင်ကြောင်း ၎င်းက ဆိုသည်။
မဂါးယန် ဒုက္ခသည် စခန်းသည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၅၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော် နေထိုင်လျှက်ရှိရာ သောက်သုံးရေအတွက် တောင်ကျချောင်းရေကိုသာ အားထားနေရကြောင်း၊ ဒုက္ခသည်များသည် တရုတ်နိုင်ငံသို့ သစ်ထုတ်လုပ်တင်ပို့သည့် လမ်းအဖြစ် ဖောက်လုပ်ထားသော လမ်းတလျှောက်တွင် နေထိုင်နေကြရပြီး ရေနှင့် သန့်ရှင်းမှု လုံလောက်စွာ မရရှိကြောင်း၊ ထို့အပြင် သွားလာရန် ခက်ခဲသည့် ဒေသဖြစ်သဖြင့် အနွေးထည်၊ ဆေးဝါးနှင့် တခြား အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရသည်။
ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့ အကြား စစ်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ကချင်ပြည်နယ် တဝန်း စစ်ဘေးရှောင်ဒုက္ခသည် သောင်းချီ၍ ဒုက္ခရောက်လျှက်ရှိသည်။ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း တိကျသေချာသော သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ စစ်ရေးအခြေအနေမှာ တင်းမာလျှက်ရှိနေဆဲဖြစ်သည်။