တရုတ်ပြည်မှ ကြက်သားပေါက်၊ ကြက်ဥ၊ ကြက်သား နှင့် နို့မှုန့်များ တရားမဝင် တင်သွင်းနေမှုကို သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် တားဆီးပေးရန် မန္တလေးတိုင်း မွေးမြူရေး လုပ်ငန်းရှင်များ အသင်းက ယမန်နေ့က တောင်းဆိုလိုက်သည်။
တရားမဝင် တင်သွင်းမှုကြောင့် ပြည်တွင်းရှိ အသားစားနှင့် ဥစားကြက် မွေးမြူရေး လုပ်ငန်းများကို ထိခိုက်သည့်အပြင် ကြက်သား ဈေးကွက်တွင်လည်း ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိကြောင်း၊ စားသောက်ကုန် စစ်ဆေးမှုခံယူခြင်းမရှိဘဲ တင်သွင်းခြင်းကြောင့် ကျန်း မာရေး ကဏ္ဍတွင် ထိခိုက်နိုင်ကြောင်း မန္တလေးတိုင်း မွေးမြူရေး လုပ်ငန်းရှင်များ အသင်း ဒု က္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြော သည်။
“ဒီလိုမှောင်ခိုသွင်းတာက အအေးခန်းရှိတဲ့လူတွေ အများဆုံးလုပ်တယ်၊ သူတို့ကတရုတ်ပြည်ကို ပင်လယ်စာ ပို့တယ်၊ အပြန်မှာ ကြက် သား တင်လာတယ်၊ တကယ်တော့ ဒါတွေက ပိတ်ပင်ထားတဲ့ကုန်တွေ၊ သွင်းခွင့်မရှိဘူး”ဟု ၎င်းက ဆိုသည်။
မှောင်ခိုသယ်ယူလာသည့် ကြက်သားများကို မန္တလေးနှင့် အထက်မြန်မာပြည်မြို့ကြီးများတွင် ပြန်လည် ရောင်းချ ကြောင်း၊ ထိုအ သား များမှာ အအေးခန်းများအတွင်း ရက်ကြာကြာထား၍ သိုလှောင်သည့်အတွက် လတ်ဆတ်မှုမရှိသည့်အပြင် ကြက်ငှက်တုတ် ကွေး ရောဂါများလည်း စိုးရိမ်ရကြောင်း ဒေါက်တာ ကျော်ထင် က ဆက်ပြောသည်။
ယခင် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတွင် စစ်ဆေးရေးစခန်းများ ထားရှိသည့်အတွက် တင်သွင်းမှုနည်းပါး သော် လည်း ယခုအခါ လွတ်လပ်သည့် အာဆီယံ ကုန်သွယ်မှု မူဝါဒအရ အဆိုပါ စခန်းများ ရုပ်သိမ်းသွားသည့် နောက်ပိုင်း ပြည်တွင်းကြက် သား ဈေးကွက်တွင် ထိုသို့သော အေးခဲအသားများ ပိုမို ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
မန္တလေးမြို့ခံ ကြက်မွေးမြူရေးသမားတဦးဖြစ်သူ ဒေါက်တာ နေသူရိန် ကလည်း“ကြက်ဥဈေးက ကျတယ်၊ အစာဈေးက တက် တယ်၊ အဲဒီကြားထဲမှာ တရုတ်ပြည်ကနေ ဒီလိုတွေထပ်ဝင်တော့ ပြည်တွင်းမွေးမြူရေးသမားက မလွယ်ဘူး၊ ဒါကြောင့်အရေးယူဖို့ ဖိအား ပေးတာ”ဟု ပြောဆိုသည်။
ထိုသို့ တရုတ်နယ်စပ်မှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်နေခြင်းကို တားဆီးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲ တပ်ဖွဲ့၊ ဒေသ အာဏာပိုင်များသာမက ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများ အသင်း၊ သတင်းမီဒီယာ သမားများ ပါဝင် သည့် နယ်လှည့် စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် စစ်ဆေး မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဤကဲ့သို့ တရားမဝင် ကြက်သားပေါက်၊ ကြက်ဥ၊ ကြက်သားနှင့် နို့မှုန့်များ ဝင်ရောက်နေမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု ရှိမရှိ အဆိုပါ နယ်လှည့်စစ်ဆေးရေး အဖွဲ့သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။