ပြန်ကြားရေး ဝန်ကြီးဌာနက အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေလျက် ရှိသော New Light of Myanmar သတင်းစာကို ရောင်စုံ သတင်းစာအဖြစ် ထုတ်ဝေမှုအား အပတ်စဉ်ထုတ် မြန်မာတိုင်း (မ်) သတင်းဂျာနယ်က ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နေရာတွင် ဦးအောင်ကြည် တာဝန် ယူပြီးနောက် အစိုးရပိုင် သတင်းစာများကို အများပြည်သူ ဝန်ဆာင်မှု တင်းစာများ အဖြစ် အသွင်ပြောင်းလဲရန် စီမံချက် ရေးဆွဲ အကောင်အထည် ဖော်ရန် စီစဉ်လာကြောင်း၊ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော New Light of Myanmar သတင်းစာကို ရောင်စုံ သတင်းစာ အဖြစ် ပုံနှိပ် အသွင်ပြောင်းရာတွင် အင်္ဂလိပ် ဘာသာဖြင့် ၁၀ နှစ်ကျော်ကြာ ထုတ်ဝေခဲ့သည့် အတွေ့အကြုံရှိသော မြန်မာတိုင်း (မ်) ကို ပြန်ကြားရေး ဝန်ကြီးဌာနက အကူအညီ တောင်းခံလာသဖြင့် ပုံနှိပ်မှုပိုင်း ကဏ္ဍတွင် အခမဲ့ ကူညီပေးခြင်း ဖြစ်ကြောင်း မြန်မာတိုင်း (မ်) ဂျာနယ် အယ်ဒီတာ ဦးဇော်မြင့် က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က အင်္ဂလိပ်ပိုင်းမှာ ကာလာနဲ့ ထုတ်နေတာ အတွေ့အကြုံရှိတော့ ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့တဲ့ အခါမှာ ရောင်စုံနဲ့ ထုတ်တဲ့အခါ အကူအညီပေးဖို့ တောင်းဆိုတာကြောင့် ပုံနှိပ်စက်တွေ၊ မှင်တွေ အပါအဝင် ပုံနှိပ်ပိုင်းဆိုင်ရာကို ကူညီပေးတာပေါ့၊ ကူညီပေးတဲ့ အဆင့်ပါပဲ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်မရှိသေးပါဘူး” ဟု ဦးဇော်မြင့်က ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းစာများကို ရောင်စုံ သတင်းစာအဖြစ် ပြောင်းလဲ ထုတ်ဝေပြီးနောက် မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light Of Myanmar စောင်ရေ ထိုးတက်သွားပြီး ယခင်က တစ်ရက်လျင် အစောင်ရေ ၂ သိန်း ၈ သောင်းခန့်ရှိရာမှ ရောင်စုံဖြင့် ပုံနှိပ်ဖော်ပြပြီးနောက် အစောင်ရေ ၃ သိန်း ၅ သောင်းထိ တိုးတက်လာကြောင်း မြန်မာ့အလင်း သတင်းစာတိုက် မန်နေဂျာ ကိုဝေဖြိုးသန်း က ဧရာဝတီသို့ ပြောသည်။
“ရောင်းအားက တရက်ကို ရာဂဏန်းလောက် တိုးတယ်၊ အရောင်တင် မဟုတ်ဘူး၊ အထဲက သတင်းတွေကိုပါ အသွင်ပြောင်းပြီး ထုတ်တဲ့ အခါကြတော့ ပိုစိတ်ဝင် စားလာပြီးတော့မှ ရောင်းအား တက်လာတာ။ အဓိက အချက်က ပြည်သူတွေ သိချင်တဲ့ သတင်း တွေကို မှန်မှန်ကန်ကန်နဲ့ သိသင့်သိထိုက် တာတွေကို ဖော်ပြနိုင်တဲ့ အချက်ပါပဲ၊ ကျနော်တို့ အနေနဲ့ကလည်း ပြည့်သူ့ဝန်ဆောင်မှု သတင်းစာဖြစ်ဖို့ ဦးတည်နေပါတယ်” ဟု ကိုဖြိုးဝေသန်း က ပြောသည်။
မြန်မာ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် လည်းဖြစ်၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ Open News သတင်းဂျာနယ်၏ အယ်ဒီတာလည်းဖြစ်သူ ဦးသီဟစောကမူ အစိုးရ သတင်းစာများသည် အသွင်အပြင်သာ ပြောင်းလဲသော်လည်း ယခု အချိန်အထိ အနှစ်သာရ ပြောင်းလဲခြင်း မရှိကြောင်း၊ ပြည်သူလူထုကို ကိုယ်စားပြုသော မီဒီယာအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးဘဲ အစိုးရဝါဒဖြန့် မီဒီယာအဖြစ်သာ ဆက်လက် ရပ်တည် နေသေးကြောင်း ရှင်းပြသည်။
“ပြည်သူ့ ဝန်ဆောင်မှု သတင်းစာ ဖြစ်နိုင်တဲ့ အနေအထားတော့ လောလောဆယ် မတွေ့ရသေးဘူး၊ အစိုးရ ဝါဒဖြန့် အနှစ်သာရနဲ့ပဲ ဆက်လည် ရပ်တည်နေတယ်လို့ မြင်တယ်။ နောက်တခုက အစိုးရက ပြည်သူ့ဝန်ဆောင်မှု သတင်းစာဆိုပြီး ထုတ်စရာ မလိုဘူး။ ပုဂ္ဂလိက သတင်းစာတွေ လွတ်လွတ် လပ်လပ် ထုတ်ဝေခွင့်ပြုလိုက်ရင် အစိုးရ သတင်းစာက ထားဖို့မလိုဘူး၊ ၁၉၆၄ မတိုင်ခင်တုန်းက အစိုးရ သတင်းစာ ဆိုတာ မရှိဘူးလေ” ဟု ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။
ပုံစံပြောင်းလဲ ထုတ်ဝေနေသည်ဟု ဆိုသော အစိုးရ သတင်းစာများတွင် လက်ပန်တောင်းတောင် ဆန္ဒပြပွဲ သတင်း၊ အလုပ်သမားများ ဆန္ဒပြသည့် သတင်း အပါအဝင် လူထုကြားတွင် အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်နေသော နိုင်ငံရေး သတင်း၊ စီးပွားရေးနှင့် လူမှုရေး သတင်းများကို ဖော်ပြခြင်း မရှိသေးပေ။
ပြန်ကြားရေး ဝန်ကြီးဌာနက အစိုးရ သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု သတင်းစာ အဖြစ် အသွင်ပြောင်းမည်ဟု ဆိုကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၇၂/၂၀၁၂ ဖြင့် အဖွဲ့ဝင် ၅ ဦးပါဝင်သော သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ (Governing Body) ကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ကြေးမုံသတင်းစာ အယ်ဒီတာချုပ် (ငြိမ်း) ဦးရဲတင့်က ဥက္ကဋ္ဌ၊ ဦးဆောင် ညွှန်ကြားရေးမှူး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးကျော်စိုး အတွင်းရေးမှူး၊ မြန်မာ့အလင်း သတင်းစာ၊ စာတည်းမှူးချုပ် (ငြိမ်း) ဦးရဲမြင့်ဖေ၊ သတင်းစာဆရာ ဦးရဲနိုင်မိုး၊ ဥပဒေ ပညာရှင် ဦးကျော်ဇောနိုင် တို့ကို အဖွဲ့ဝင်အဖြစ် လည်းကောင်း ခန့်အပ် တာဝန်ပေးခဲ့သည်။
အဆိုပါ အများပြည်သူ ဝန်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ (Governing Body) သည် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေး အတွက် လိုအပ်သော မူူဝါဒများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများ အတွက် လိုအပ်သော ကျင့်ဝတ်နှင့် စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများ အနေဖြင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာများ၏ အခြေခံမူများကို ဖော်ဆောင်နိုင်ရန် အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက် သွားရမည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် အစိုးရက ဖွဲ့စည်းထားသော သတင်းစာ အုပ်ချုပ်ရေး အဖွဲ့က အစိုးရ သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု သတင်းစာ အဖြစ် အသွင်ပြောင်းရန် လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ်ဆိုင်ရာ ပြဋ္ဌာန်းချက် ၁၆ ချက်ကို ထုတ်ပြန်လိုက်ပြီး ပြည်ထောင်စု ပြိုကွဲစေနိုင်ခြင်း၊ ပြည်ထောင်စု အချုပ်အခြာ အာဏာကို ထိပါးစေနိုင်ခြင်းတို့၌ အကျုံးဝင်သော နိုင်ငံတော်လုံ ခြုံမှုကို ထိခိုက်စေမည့် သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး၊ ကာတွန်းနှင့် ကြော်ငြာများ ရေးသားခြင်း မပြုရဟု ဖော်ပြထားသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဦးရဲထွဋ်ကမူ အစိုးရ သတင်းစာ အုပ်ချုပ်ရေး အဖွဲ့၏ ပြဋ္ဌာန်းချက်များသည် နိုင်ငံတကာ စာနယ်ဇင်း ကျင့်ဝတ်ဆိုင်ရာ စံများနှင့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာများ ကျင့်သုံးရမယ့် အချက်များကို အခြေခံ မူတည်ရေးဆွဲ ထားကြောင်း သူ၏ Facebook စာမျက်နှာတွင် တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
အစိုးရ သတင်းစာများ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသော်လည်း လက်ရှိတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုနိုင်မည့် အချိန်ကို မသိရှိကြောင်းဟု ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြောဆိုထားသည်။
“မီဒီယာ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် နေရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအဝင် ကျန် အဖွဲ့အစည်း အားလုံးက Institution များကို မည်မျှအထိ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်မည် ဆိုသည့် အချက်အပေါ် အဓိက မူတည်နေသည့် အတွက် ပြည်ထောင်စု အစိုးရ အနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက် ဆိုသည်ကို အဆုံးအဖြတ် ပေးနိုင်သည့် အခြေအနေတွင် မရှိကြောင်း”ဟု ဝန်ကြီး ဦးအောင်ကြည်က နိုဝင်ဘာလ ၆ ရက်နေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
အစိုးရက ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပြုလျှင် ထုတ်ဝေနိုင်ရေး အတွက် ပြည်တွင်း သတင်းဂျာနယ် အများစုမှာ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေကြသည်။