ရခိုင်ပြည်နယ်မှ နယ်ကျော်လာသည့် မွတ်စလင် ၇၈ ဦးကို ကော့သောင်းမြို့မှတဆင့် ၎င်းတို့ နေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန် အတွက် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော “တောင်ကြီး” ဖြင့် တင်ဆောင်လာရာ ယနေ့နံနက် ၉ နာရီကျော် အချိန်တွင် သာကေတ မြို့နယ် ကြယ်ငါးပွင့် ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မွတ်စလင်များသည် ဇွန်လက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယခုနှစ် မတ်လနှင့် ဧပြီလ တို့တွင် မြိတ်မြို့နယ် ကျောက်ဆူးအရပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့က လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ပြစ်ဒဏ် ကျခံခဲ့ရသူများ ဖြစ်ကြောင်း၊ ယခုလ ၁ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်မြောက် လာသောကြောင့် နေရပ်ရင်းသို့ ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်း ၇၈ ဦးသည် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေဒေသတို့မှ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရခိုင်ပြည်နယ် ပဋိပက္ခ ကူညီနေသည့် အစ္စလမ် ဘာသာရေး အဖွဲ့မှ ကိုကျော်နိုင်က ဆိုသည်။ အဆိုပါ အဖွဲ့သည် သင်္ဘောဖြင့် ပါလာသည့် ၇၈ ဦးကို စားရေးသောက်ရေးနှင့် အဝတ်အထည်များ သွားရောက်ကူညီလျက် ရှိသည်။
ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် မွတ်စလင် ၇၈ ဦးကို ပြည်မြို့သို့ အရင်ဦးစွာ ခေါ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ရခိုင်ပြည်နယ် သက်ဆိုင်ရာ အဖွဲ့သို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း အဆိုပါကိစ္စကို တာဝန်ယူ ဆောင်ရွက်နေသော လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး တဦးက ပြောသည်။
“ကျနော်တို့တာဝန်က ဒီကနေ ပြည်အထိပဲ တာဝန်ယူပေးရမှာ။ ပြည်ကနေ ရခိုင်ပြည်နယ်ဘက်ကို ပြန်ပို့ပေးဖို့ကတော့ ဟိုဘက်အပိုင်းက ဆက် တာဝန်ယူသွားပါ့မယ်။ ယခုလက်ရှိ အချိန်အထိတော့ သူတို့ ဘယ်လို ကော့သောင်းကနေ ပါလာတာလဲ ဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး။ ဟိုဘက်မှာ ဘယ်လို ဆက်လုပ်မယ် ဆိုတာလည်း မသိသေးပါဘူး” ဟု သူက ဆိုသည်။
ကြယ်ငါးပွင့်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည့် ၇၈ ဦးသည် သဘောၤပေါ်တွင် ၃ ရက်ခန့် နေခဲ့ကြောင်း၊ ၎င်းတို့အတွက် အစားအသောက်နှင့် အဝတ်အထည် ကျပ် ၁၅ သိန်း တန်ဖိုးခန့် အစ္စလမ် ဘာသာရေးအဖွဲ့က ကူညီပေးနေကြောင်း သိရသည်။
“ကျနော်တို့ဆီကို လှမ်းပြောလို့ ကျနော်တို့က သူတို့ရဲ့ စားရေးသောက်ရေး အတွက် စိုးရိမ်လို့ အကူအညီလာပေး တာပါ။ ဘာမှတော့ တိတိကျကျ မသိရသေးဘူး” ဟု ကိုကျော်နိုင်က ပြောသည်။
မွတ်စလင် ၇၈ ဦးကို ရန်ကုန်မှတဆင့် ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရုံး သို့ Asia Express အဝေးပြေးယာဉ်ဖြင့် တိုက်ရိုက် ပို့ဆောင်မည်ဖြစ်ပြီး ၎င်းအုပ်စုတွင် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတဦးနှင့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတဦး ပါဝင်ကြောင်း၊ ကျန်ရှိသော အမျိုးသာ ၇၆ ဦးသည် လူလတ်ပိုင်းများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ၎င်းတို့ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက် သွားမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း သာကေတ ကြယ်ငါးပွင့် သဘောၤဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်နှင့် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ဝင် အင်အား ၂၀ တို့က စောင့်ကြပ်လျက်ရှိကြောင်း တွေ့ရသည်။