ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” အမည်ဖြင့် မကြာခင်ရက်ပိုင်းအတွင်းက လူမှုဆက်သွယ်ရေး ကွန်ရက် Facebook ပေါ်တွင် စာမျက်နှာ ဖွင့်လှစ်ခဲ့ပြီး ၃ ရက်အကြာတွင် အဆိုပါ စာမျက်နှာပျောက်သွားခဲ့သည်။
ယင်းသို့ ဖွင့်လှစ်ထားသော စာမျက်နှာသည် ၎င်းတို့ရဲဌာနက ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ပြင်ပ ပုဂ္ဂိုလ်တဦး ၏ စမ်းသပ်မှုသာဖြစ်သဖြင့် ရပ်တန့်ခဲ့ခြင်းဖြစ်ပြီး “မြန်မာနိုင်ငံရဲတပ်ဖွဲ့” အနေဖြင့် Facebook စာမျက်နှာကို ယခုလ ၁၀ ရက်နေ့တွင် အမှန်တကယ် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နေပြည်တော် ရဲချုပ်ရုံး က ဧရာဝတီသို့ ပြောသည်။
“အရင်ဖွင့်လိုက်တဲ့ဟာက ကျနော်တို့ ရဲဌာနက ဖွင့်တာမဟုတ်ပါဘူး၊ အပြင်ပုဂ္ဂလိက တစ်ဦးဦးက စမ်းသပ်နေတဲ့ အနေအထား ပါပဲဗျ၊ ကျနော်တို့ကတော့ မနက်ဖြန်လောက်မှာပဲ စဖွင့်ပါမယ်ခင်ဗျ၊ ဖွင့်တာနဲ့ ကျနော်တို့ ရဲဌာန ဝဘ်ဆိုက်မှာ ကြေညာမှာပါ” ဟု နေပြည်တော် ရဲချုပ်ရုံး ဆက်သွယ်ရေး ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး ထွန်းနေလင်း က ပြောသည်။
အသစ်ဖွင့်လှစ်မည် နာမည်ကိုတော့ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” သို့မဟုတ် “ရဲဇာနည်” ဖြစ်ဖွယ်ရှိကြောင်း၊ အမည်ရွေးချယ်နေဆဲဖြစ် ကြောင်း သူကဆက်ပြောသည်။
ရပ်တန့်ထားသော “မြန်မာနိုင်ငံရဲတပ်ဖွဲ့” အမည်ဖြင့် Facebook စာမျက်နှာသည် ယခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၁ ရက်နေ့မှ စတင်ကာ ရဲတပ်ဖွဲ့၏ လှုပ်ရှားမှုများ၊ အကြံပြုချက်များ၊ ဖြေရှင်းချက်များ၊ တရားခံပြေး ဝရမ်းစာများကို လွှင့်တင်ခဲ့သည်။
သို့သော်လည်း ယင်းစာမျက်နှာပေါ်တွင် ဖော်ပြထားသော အချက်အလက် များမှာ ၎င်းတို့၏ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဝက်ဘ်ဆိုက် myanmarpoliceforce.org မှ ကူးယူဖော်ပြထားသော အချက်အလက်အမှန်များဖြစ်ကြောင်း ရဲဌာနကရှင်းလင်းသည်။
myanmarpoliceforce.org ကို “မြန်မာနိုင်ငံရဲတပ်ဖွဲ့” က ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး ရဲတပ်ဖွဲ့စတင် ဖြစ်ပေါ် လာပုံ၊ ဖွဲ့စည်းပုံ၊ မှုခင်းလှုပ်ရှားမှုများ၊ တရားခံပြေး ကြေညာချက်များ အပါအဝင် အကျင့်ပျက်ခြစားမှု ဖြစ်ပွားခဲ့သော ရဲဝန်ထမ်း များအား အရေးယူဆောင်ရွက်ပုံများကို ဖော်ပြထားသည်။
Facebook ပေါ်တွင် မကြာမီ လွှင့်တင်တော့မည့် စာမျက်နှာပေါ်တွင်လည်း ၎င်းတို့ ဝဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသော အချက်များကို ကူးယူဖော်ပြမည်ဖြစ်သကဲ့သို့ အမှုအခင်းများကိုလည်း ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်သည် ဟုဆိုသည်။
Facebook သုံးစွဲရန်ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး “ပွင့်လင်းမြင်သာမှုရှိလာတဲ့အခါမှာ ပြည်သူလူထုနဲ့ Law Enforcement အဖွဲ့ အစည်းတွေနဲ့က ပိုပြီးတော့ ထိတွေ့မှု လွယ်ကူလာအောင်လို့ပေါ့နော်၊ အဓိက ကတော့ အဲဒီရည်ရွယ်ချက်ပါပဲ” ဟု ဒုရဲမှူးကြီး ထွန်းနေလင်း က ပြောသည်။
ထို့အပြင် “ဒီလိုသုံးတဲ့ အတွက်လည်း Law Enforcement အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထုကြားမှာ ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာမယ်၊ ပြည်သူလူထု အခက်အခဲတွေကို အချိန်နဲ့ တပြေးညီ အသိပေးလာနိုင်တဲ့ အနေအထားတွေ၊ ဝိဝါဒ ဖြစ်စေမယ့် ဟာမျိုးတွေလည်း တဖြည်းဖြည်းနဲ့ နည်းသွားမှာပေါ့၊ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ပိုပြီးတော့ ထိရောက်မြန်ဆန်လာနိုင် ပါတယ်” ဟု သူကဆက်ပြောသည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့” သည် အမှုအခင်းများ ကိုင်တွယ်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အမှုဖျောက် ဖျက်မှုတို့တွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည်။ အထူးသဖြင့် နအဖ စစ်အစိုးရလက်ထက်တွင် စစ်တပ်နှင့် အတူ ပြည်သူလူထု ၏ ငြိုငြင်မှုကို ခံခဲ့ရသည်။
ယခုလဆန်းပိုင်းက လွှင့်တင်ခံသည့် “မြန်မာနိုင်ငံရဲတပ်ဖွဲ့” Facebook စာမျက်နှာတွင် Facebook သုံးစွဲသူ တချို့က ကြမ်းတမ်း စွာ ပြောဆိုသူများရှိသကဲ့သို့ အကြံပြုခြင်း၊ မှုခင်းဖြစ်ပွားမှုများကို အကြောင်းကြားခြင်းများနှင့် ရဲတပ်ဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ Facebook စာမျက်နှာဖွင့်လှစ်ခြင်းကို ထောက်ခံကြိုဆိုကြသူများလည်းရှိကြသည်။
မြန်မာနိုင်ငံကို မြန်မာမင်းများက ကိုယ့်ထီးကိုယ့်နန်းဖြင့် အုပ်ချုပ်ခဲ့သော ကာလများတွင် နိုင်ငံတော်အတွင်း တရားဥပဒေ စိုးမိုးရေး နှင့်ငြိမ်ဝပ်ပိပြားရေးကို မြို့စား၊ မြို့ဝန်၊ စစ်ကဲ၊ နာခံ၊ ကွမ်းဘိုးထိန်းဝန်၊ မြို့သူကြီးနှင့် ရွာသူကြီး စသောပုဂ္ဂိုလ်များဖြင့် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြကြောင်း နိုင်ငံတော် အတွက် အရေးကြုံပါက စစ်အရန်အင်အားဖြင့် ဖွဲ့စည်းထားရှိ ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ ၏ အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
၁၈၈၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှ ကိုလိုနီ ၏ ရဲ လုပ် ငန်း စနစ်ကို စတင်ခဲ့သည်။ ထို အချိန်က ရဲတပ်ဖွဲ့ကို ဗမာ ရဲအဖြစ် သိခဲ့ကြကြောင်း၊ ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အဖြစ်ပြန် လည် ဖွဲ့စည်းခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။