အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာပြည်သို့ ပထမဆုံး လာရောက်မည့် ခရီးစဉ်ကို ကြိုဆိုသည့် အနေဖြင့် Night အဖွဲ့က ရေးဆွဲထားသည့် အိုဘားမား ဂရပ်ဖတီ ပုံကို တရက်တာအတွင်း ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။
အဆိုပါ ဂရပ်ဖတီ ပုံကို Night အဖွဲ့က အိုဘားမား တည်းခိုမည်ဆိုသည့် ရန်ကုန် တာမွေမြို့နယ်အတွင်းရှိ ချက်ထရီယံ ဟိုတယ်အနီးရှိ အဆောက်အအုံဟောင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီမှ ၅ နာရီအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ည ၉ နာရီတွင် ယင်းပုံ အဖျက်ဆီး ခံလိုက်ရကြောင်း Night အဖွဲ့ဝင်တဦးဖြစ်သည့် ကိုအာကာကျော်က ဧရာဝတီသို့ပြောသည်။
“ကျနော်ကိုယ်တိုင် ဆွဲထားတာပါ။ အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားတာပါ။ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဆွဲထားတာကို အဖျက်ခံလိုက်ရတော့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျနော်ဆွဲထားတဲ့ ပုံတပုံတည်း ဖြစ်တာ ကျန်တဲ့ ပုံတွေရှိတယ်ဗျ။ အခွင့်အရေးရှိသေးရင် ထပ်ဆွဲဦးမယ်” ဟု ကိုအာကာကျော်က ဆိုသည်။
ယင်း ဂရပ်ဖတီ ပုံကို ဆွဲလိုသည့် ဆန္ဒဖြစ်ပေါ်လာသဖြင့် နေရာ လိုက်ရှာသည့်အခါ အိုဘားမား တည်းခိုမည်ဆိုသည့် ချက်ထရီယံ ဟိုတယ် အနီးတွင် ရှာတွေ့ကာ ဆွဲဖြစ်သွားကြောင်း၊ အိုဘားမား မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်တွင် မြန်မာပြည်အတွက် အကျိုးအမြတ် တစုံတရာ ရရှိမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ထပ်ပြောသည်။
ဂရပ်ဖတီများကို အစဉ် ဆွဲနေသည့် Generation Wave အဖွဲ့မှ တဦးက “ဂရပ်ပ်တီ ပုံတွေကို ဆွဲတဲ့သူကလည်း သူကြိုက်လို့ သူ့ခံစားချက်နဲ့အညီ ဆွဲတယ်။ ဖျက်တဲ့သူတွေကလည်း သူမကြိုက်လို့ လိုက်ဖျက်တာကတော့ ဖြစ်နေကျပါပဲ” ဟု ဆိုသည်။
အိုဘားမား၏ ဂရပ်ဖတီ ပုံ ရေးဆွဲထားသည်ကို တာမွေမြို့နယ် ရဲစခန်းက သိရှိသော်လည်း ၎င်းတို့ ဖျက်ဆီးခဲ့ခြင်း မဟုတ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးကိစ္စများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း၊ ပုံဖျက်သည့် ကိစ္စကိုမူ မသိရှိကြောင်း တာမွေရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
“ချက်ထရီယံ ဟိုတယ်မှာ အိုဘားမား လာတည်းမယ် ဆိုတော့ အကုန်လုံး ရှင်းထားတယ်။ ရက်ရှည်နေတဲ့သူတွေရော၊ ရုံးခန်းဖွင့်ထားတဲ့ သူတွေပါ ဘယ်သူမှ မထားဘူး။ လုံခြုံရေး ကိစ္စတွေကအစ ဟိုဘက် အကုန်လုံး စီမံနေတယ်။ သူ တကယ် တည်း မတည်းကတော့ မပြောတတ်ဘူး။ ဒီဟိုတယ် နည်းတူ အခုလို ဆောင်ရွက်ထားတဲ့ ဟိုတယ် ဘယ်နှခု ရှိနေလဲ ဆိုတာလည်း မသိဘူး” ဟု ချက်ထရီယံ ဟိုတယ် ဝန်ထမ်းတဦးက ဆိုသည်။
အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ် မစ်ရွမ်နီကို အနိုင်ရခဲ့ပြီး နောက်ထပ် ၄ နှစ်သက်တမ်းကို သမ္မတတာဝန် ဆက်လက် ထမ်းဆောင်ခွင့် ရရှိကာ အရှေ့အာရှ နိုင်ငံများသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက် လည်ပတ်မည် ဖြစ်သည်။
ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံ အစည်းအဝေး တက်ရောက်ရန်၊ အရှေ့အာရှ ထိပ်သီး ခေါင်းဆောင်များနှင့် စည်းဝေးရန် အတွက် သမ္မတ အိုဘားမားက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့် အရှေ့အာရှ နိုင်ငံများ ခရီးစဉ်သွားရောက်မည်ဟု မကြာသေးခင်က အိမ်ဖြူတော်မှ အတည်ပြု ကြေညာခဲ့သည်။
ကမ္ဘာထိပ်သီး ခေါင်းဆောင်တဦး ဖြစ်သည့် သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်စွာ ယူထားကြောင်း သိရသည်။