လာမည့် နှစ် ၂၀ အတွင်း စစ်ကိုင်းပြတ်ရွေ့ တလျှောက်နှင့် ပြတ်ရွေ့ကြောအနီးရှိ မြို့ကြီးတချို့တွင် ပြင်းအား ၇ အဆင့်ကျော်ရှိ ငလျင်ကြီး ထပ်မံ လှုပ်နိုင်ခြေ ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးရသူရထွန်းက ပြောဆိုသည်။
ယနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ရုံးခန်းတွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း ပူတာအိုမှ ရန်ကုန်တိုင်း သုံးခွမြို့နယ်ထဲမှ ဖြတ်ကာ အက်ဒမန်ပင်လယ်အတွင်းသို့ ဝင်ရောက် သွားသော ကီလိုမီတာ ၁၀၀၀ ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့သည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်တွင် ငလျင်များ လှုပ်လေ့ ရှိကြောင်း၊ မန္တလေးမြို့၏ တောင်ဘက်မှ ရန်ကုန် သုံးခွအထိ ဖြတ်သန်းနေသော စစ်ကိုင်းပြတ်ရွေ့ အစိတ်အပိုင်းသည် ငလျင်လှုပ်နိုင်ခြေ မြင့်မားနေပြီး ငလျင်ပြင်းအားအဆင့် ၇ ကျော်ရှိသည့် ငလျင်ကြီးများ ဖြစ်နိုင်ကြောင်း၊ ငလျင်လှုပ်မည် ဆိုပါက ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဖြူးအပါအဝင် မြို့ကြီး အများစုမှာ ငလျင်ဒဏ် ခံစားရမည်ဖြစ်ကြောင်း၊ ယမန်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ရှားသွားသည့် ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့၏ စဉ့်ကူး အစိတ်အပိုင်းတွင် လှုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့က ၁၉၃၀ ခုနှစ်က ပဲခူးငလျင်ကြီး ဖြစ်စေခဲ့တယ်။ ပြင်းအားက ၇ ဒဿမ ၃ အဆင့်ရှိခဲ့တယ်။ ငလျင်က နှစ်တရာ ဝန်းကျင်ကို တခေါက်ပြန်လာတတ်တော့ မန္တလေးမြို့ရဲ့ တောင်ဘက်ကနေစပြီး ပြတ်ရွေ့ တကြောလုံးက စိုးရိမ်ရမယ့် အခြေအနေရှိတယ်။ အဲဒီနေရာတွေက လှုပ်ရင်လည်း ၆ ဒဿမ ၈ ထက်ပိုများနိုင်တယ်။ ပြင်းအား ၇ သို့မဟုတ် ၇ ထက်ပိုကြီးနိုင်တယ်။ မန္တလေးမြို့ရဲ့ တောင်ဘက်ကနေ ရန်ကုန်အထိက စိုးရိမ်စရာပေါ့” ဟု ဦးစိုးသူရထွန်းက ဆိုသည်။
ငလျင်လှုပ်နိုင်ခြေရှိသည့် မြို့ကြီးများတွင် ရန်ကုန်၊ နေပြည်တော်၊ ဖြူး၊ ပဲခူး၊ ပျဉ်းမနား၊ အပါအဝင် စစ်ကိုင်းပြတ်ရွေ့ ဖြတ်သွား သည့် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် တည်ရှိသော မြို့ကြီးများ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လူဦးရေထူထပ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် မတည်ရှိသော်လည်း စစ်ကိုင်းပြတ်ရွေ့နှင့် အနီးစပ်ဆုံး တည်ရှိနေသည့်အတွက် အထူးစိုးရိမ်ရကြောင်း၊ အထူးသဖြင့် အထပ်မြင့် တိုက်တာများပြားလွန်းသည့်အတွက် ပိုမို စိုးရိမ်ရကြောင်း၊ ငလျှင်ဒဏ်ခံစားရမည့် အခြေအနေမှာလည်း အောက်ခံမြေ အနေအထားပေါ်တွင် မူတည်ကွဲပြားမည် ဖြစ်ကြောင်း သိရှိရသည်။
“ရန်ကုန်မြို့ကတော့ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ တည့်တည့်တော့မကျဘူး။ စစ်ကိုင်းပြတ်ရွေ့က ရန်ကုန်အရှေ့ဘက် ၁၅ ကီလိုမီတာ ကျော်ကျော်လောက်ကနေ ဖြတ်သွားတာ။ ငလျင်ရဲ့သဘောအတိုင်း ရန်ကုန်ကို ဗဟိုပြု မလှုပ်ပေမယ့် ရန်ကုန်မှာက အထပ်မြင့် အဆောက်အအုံတွေ ရှိနေတော့ အန္တရာယ်ရှိတာပဲ။ ရန်ကုန်မြို့နဲ့ နီးစပ်နေတဲ့ စစ်ကိုင်း Segment က မလှုပ်တာ တော်တော်ကြာပြီ” ဟု ဦးစိုးသူရထွန်းက ဆက်လက်ရှင်းပြသည်။
ရန်ကုန်တွင် ငလျင်လှုပ်ခဲ့ပါက မြစ်ကမ်းဘေးနှင့် နီးစပ်သော နေရာများ၊ နုံးတင်မြေနုနေရာများတွင် အန္တရာယ်ပိုမိုများပြားနိုင် ကြောင်းလည်း သိရှိရသည်။
“၁၉၃၀ ပြည့်နှစ်ကတည်းက အဲဒီအပိုင်းက မလှုပ်ခဲ့တာဆိုတော့ လှုပ်မယ်ဆိုရင် ရန်ကုန်မြို့လည်း ခံရမယ်။ ဒါပေမယ့် တနေရာနဲ့ တနေရာ ခံစားရပုံချင်းတော့ တူမှာတော့မဟုတ်ဘူး။ အထူးသဖြင့် မြစ်နဲ့နီးတဲ့နေရာတွေ၊ ပုဇွန်တောင်ချောင်း၊ ရန်ကုန်မြစ် ကမ်းဘေးတွေ၊ ငမိုးရိပ်ချောင်းလို နေရာမျိုးတွေက ပိုပြီးတော့ အန္တရာယ်များတာပေါ့။ တောင်ကုန်းပေါ်မှာရှိတဲ့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း နေရာတွေကတော့ အဲဒီလောက်ထိ ခံရမှာမဟုတ်ဘူး။ ငလျင်လှိုင်းက နုန်းတင်မြေနုတွေ၊ မြေအောက် ရေများတဲ့နေရာတွေမှာ ပိုကြီးတတ်တယ်။ အဲဒါကြောင့် အန္တရာယ်များတာ။ တောင်ကုန်းပေါ်မှာတော့ အဲဒီလောက် အန္တရာယ်မကြီးဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်စေရန် တွက်ချက် ဆောက်လုပ်မှု အလွန်နည်းပါးကြောင်း ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်က ရှင်းပြသည်။
“ရန်ကုန်မြို့က ဆောက်ထားတဲ့ အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်စေဖို့ တွက်ချက်ဆောက်လုပ်တာ မျိုးတော့ တော်တော်နည်းတယ်။ ငလျင်လှုပ်ပြီ ဆိုရင်တော့ မလွယ်ဘူး” ဟု ဦးဝင်းနိုင်က ဆိုသည်။
ယမန်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း၊ တံတားများပြိုကျခြင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခြင်း အပါအဝင် အပျက်အစီး များပြားကြောင်း အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။