မြန်မာ့ဒီမိုကရေစီရေးအတွက် အလိုအပ်ဆုံးအချိန်တွင် အားပေးမှု နောက်ပြန်လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
နယူးဒေလီမြို့ ဗီဂ်ရန်ဘာဝန်ရှိ ပလန်နရီ ခန်းမတွင် ယမန်နေ့ညက ကျင်းပသည့် ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နေရူးတို့ ရှိစဉ်ကတည်းက ဖြစ်တည်ခဲ့သည့် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအကြောင်းကို ပြောဆိုစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျမတို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ အိန္ဒိယက အဝေးကို ထွက်သွားခဲ့တယ်။ ဒါကိုတွေ့ရတော့ ကျမ တော်တော် စိတ်ထိခိုက်ခဲ့ရတယ်။ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် ကျမတို့ နှစ်နိုင်ငံက ချစ်ကြည်ရင်းနှီးမှုဟာ လူထုကိုအခြေပြုပြီး ရေရှည်တည်မြဲမှု ရှိနေမယ်ဆိုတာ ကျမအမြဲယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။
အိန္ဒိယနိုင်ငံသည် စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ဆန့်ကျင်သည့် ၁၉၈၈ လူထုလှုပ်ရှားမှုများအတွင်းတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးကူညီမှုများ ပြုခဲ့သလို အိန္ဒိယခေါင်းဆောင်တဦးဖြစ်သူ မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်မူဝါဒနှင့် မြန်မာ့အရေး လုပ်ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံအားပေးခဲ့သည်။
၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်မူ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အိန္ဒိယခွဲထွက်ရေး သူပုန်များကို ပူးပေါင်းတိုက်ထုတ်ရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းခဲ့ရာ မြန်မာ့အရေးတွင် ထောက်ခံအားပေးမှု လျော့ကျသွားခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျဝါဟာလာနေရူးဆု ချီးမြှင့်လိုက်ရာ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေးမှာ အတန်ငယ် ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း အိန္ဒိယက အရှေ့မျှော်ဝါဒကို ကျင့်သုံးလာသည့်နောက်ပိုင်းတွင် နှစ်နိုင်ငံအစိုးရချင်း စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံမှုများ ပိုမိုမြင့်တက်လာပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် အိန္ဒိယက ရေငုံနှုတ်ပိတ်နေခဲ့သည်။
ယခုလက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“ကျမတို့နိုင်ငံဟာ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးပါဘူး။ ပန်းတိုင်ကိုရောက်ဖို့ ကျမတို့ ကြိုးစားနေကြတုန်းပါပဲ” ဟု သူမက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ သွားရာတွင် အိန္ဒိယပြည်သူများအနေဖြင့် မြန်မာပြည်သူများဖက်မှ ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။
“ကျမတို့ ရှေ့ဆက်တိုးဖို့ ကြိုးစားကြရင်း အခက်အခဲတွေ ကြုံတဲ့အခါ အိန္ဒိယပြည်သူတွေအနေနဲ့ ကျမတို့နဲ့အတူ ရပ်တည်ပေးမယ်၊ ကျမတို့ရဲ့ဘေးမှာ နှစ်တွေအများကြီး အတူတူ ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် နိုင်ငံနှစ်နိုင်ငံ ရင်းနှီးဆက်ဆံမှုတွင် အစိုးရချင်း ပေါင်းသင်းဆက်ဆံသည်ထက် ပြည်သူအချင်းချင်း ပေါင်းသင်းဆက်ဆံသည့် ရင်းနှီးမှုက ပိုမိုတည်တံ့ခိုင်မြဲကြောင်း၊ ထိုသို့သော ရင်းနှင်းချစ်ကြည်မှုသာ ဖြစ်သင့်ကြောင်း၊ သူမအနေဖြင့် အနာဂတ်တွင် အိန္ဒိယနှင့် မြန်မာ ပြည်သူအချင်းချင်း ရင်းနှီးခင်မင်မှုကို လိုလားကြောင်း ပြောဆိုခဲ့သည်။
“အစိုးရဆိုတာက လာလိုက်သွားလိုက်နဲ့ ပြောင်းနေတာ။ ဒါဟာ ဒီမိုကရေစီ စနစ်ကျတာကြောင့်ပေါ့နော်။ ဒါပေမယ့် ပြည်သူလူထုဆိုတာက အမြဲတမ်း ဒီတိုင်းပဲ မပြောင်းမလဲ ရှိနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျဝါဟာလာနေရူးတို့ လက်ထက်ကတည်းက ချစ်ကြည်ရင်းနှီးခဲ့သည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲမည်ဟု ယုံကြည်ကြောင်း သူကဆိုသည်။
သူမအနေဖြင့် ဂျဝါဟာလာနေရူး၏ စာများ၊ ကဗျာများဖြင့် သူမနေအိမ်အကျယ်ချုပ်ကျစဉ်အချိန်တွင် အားယူခဲ့ကြောင်း၊ သူမ၏ နိုင်ငံရေး ဖြတ်သန်းမှုတွင် ဂျဝါဟာလာနေရူး၏ အဆိုအမိန့်များ၊ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေးမူဝါဒများက အထောက်အပံ့များစွာ ပေးခဲ့သည်ဟုဆိုသည်။
နိုင်ငံရပ်ခြား ခရီးထွက်မည့်အချိန် အနောက်တိုင်း ကုတ်အင်္ကျီမရှိသည့် သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂျဝါဟာလာနေရူးက သူ့ထံရှိသော ဆိုဒ်အငယ်ဆုံး ကုတ်အင်္ကျီကို လက်ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းဝတ်သည့်အခါ ဆိုဒ်အလွန်ကြီးမားနေပြီး ရယ်စရာဖြစ်ခဲ့ကြောင်း၊ အဆိုပါ အင်္ကျီမှာ ယခုမြင်တွေ့နေရသော ဗိုလ်ချုပ်၏ ဓာတ်ပုံများမှ အင်္ကျီပင်ဖြစ်ကြောင်းကိုလည်း ရယ်မောစရာအဖြစ် ပြောဆိုခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အိန္ဒိယ ဒုသမတနှင့် တွေ့ဆုံမည်ဖြစ်ပြီး အိန္ဒိယလွှတ်တော်ကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ အိန္ဒိယအောက်လွှတ်တော် ဥက္ကဌ နှင့်လည်း တွေ့ဆုံရန်ရှိသည်။