ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ဆောင်းရာသီ ရောက်နေပြီဖြစ်သဖြင့် ကျန်းမာရေးအတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု သတင်းရရှိသည်။
ကချင်ပြည်နယ်သည် ဆောင်းရာသီသည် အလွန်အေးသော်လည်း ဒုက္ခသည်များအတွက် ဆောင်းရာသီသုံးပစ္စည်းများ မရှိသေးကြောင်း၊ တချို့သက်ကြီးရွယ်အိုများ လေဖြတ်ရောဂါခံစားနေရပြီး တချို့အသက်ပါ ဆုံးရှုံးကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မအားခေါန်က ဧရာဝတီသို့ ပြောသည်။
“မိုင်တိုင် ၈၊ မိုင်တိုင် ၆ က ဒုက္ခသည်စခန်းက လူတွေက ပိုဆိုးတယ်။ အဲဒီနေရာက တောလည်းကျတယ်လေ။ ပြီးတော့ အရမ်းအေး၊ အလှူရှင်ကလည်း မရှိဘူး။ တချို့ဆိုရင် အေးလွန်းလို့ ထင်းခုတ်ရင်နဲ့ သေသွားတဲ့သူတောင် ရှိတယ်” ဟု မအားခေါန်က ဆိုသည်။
ဒုက္ခသည်စခန်းတချို့သည် အမြင့်ပေ ၆၀၀၀ ကျော်တွင် ရှိနေပြီး လက်ရှိအချိန်တွင် စစ်ဖြစ်ပွားမှုကြောင့် မိမိနေရပ်ကို မပြန်နိုင်သေးကြောင်း၊ ဒုက္ခသည်စခန်းများကို အစိုးရဘက်နှင့် နိုင်ငံတကာမှ အကူအညီ အထောက်အပံ့များ ခွင့်ပြုမည်ဆိုပါက အဆင်ပြေလာနိုင်သည်ဟု ကချင်စစ်ဘေးဒုက္ခသည်စခန်း ကော်မတီ ဥက္ကဌ ဦးဒွဲပီစ က ဧရာဝတီသို့ ပြောသည်။
“ လက်တလော ကျန်းမာရေးကတော့ နယ်စပ် မိုင်တိုင် ၆ မှာ ကလေး ၁၀ ကျော် ဝက်သက်ရောဂါ ဖြစ်ပွားနေတယ်။ အဲဒီဘက်မှာ တော်တော်အေးတယ်။ ဆောင်းရာသီအတွက်တော့ တော်တော်စိုးရိမ်နေရတယ်” ဟု ဦးဒွဲပီစ က ဆိုသည်။
လက်ရှိ စစ်ဖြစ်နေသည့် ဖားကန့်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များ၏ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရကြောင်း၊ စစ်ပွဲ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် လုံခြုံရေးအရ ဒုက္ခသည်စခန်းအတွင်းသို့ သွားရန် ခက်ခဲနေသည့်အတွက် အထောက်အပံ့များ သွားရောက်ပေးရန် ခက်ခဲနေကြောင်း ဖားကန့်ဒေသခံ ကိုထွန်းထွန်းလွင်က ပြောသည်။
“ ဒီရာသီကတော့ ဒီဒေသအတွက် တော်တော်အေးတယ်။ အခုဆိုရင် ဖားကန့်သူဌေးတွေကလည်း စစ်ပွဲကြောင့် အားလုံးပြန်သွားကြပြီ။ သူတို့ကို လာရောက်ပေးမယ့်သူတွေကလည်း မရှိဘူး။ အခုဆိုရင် ဆောင်းရာသီသုံး စောင်တွေ၊ အနွေးထည်တွေက မရှိဘူးလေ။ ကလေးနဲ့ အသက်ကြီးသူတွေကို ပိုပြီးစိုးရိမ်ရတယ်” ဟု ကိုထွန်းထွန်းလွင်က ဆိုသည်။
ယခုလက်ရှိ အခြေအနေအရ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်ရန် ဆေးဝါးများ လိုအပ်နေကြောင်း၊ အလှူရှင်များလည်း မရှိသေးကြောင်း သိရသည်။
“ကျမတို့ဆီကို Camp က တာဝန်ရှိသူတွေကတော့ ဖုန်းဆက်တယ်။ အဲဒီမှာ အရမ်းအေးနေပြီတဲ့။ Camp မှာ နေထိုင်တဲ့ သူတွေအတွက် အနွေးထည်တွေ၊ စောင်တွေ အရမ်းလိုအပ်နေတယ်” ဟု လူမှုကူညီရေးအသင်းတခု ဖြစ်သည့် အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိမ်းက ပြောသည်။
ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်တို့အကြား စစ်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ကချင်ပြည်နယ်တဝန်း စစ်ဘေးရှောင်ဒုက္ခသည် သောင်းချီ၍ ဒုက္ခရောက်လျက်ရှိသည်။ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း တိကျသေချာသော သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ စစ်ရေးအခြေအနေမှာ တင်းမာလျှက်ရှိနေဆဲ ဖြစ်သည်။