မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်မည့်အမေရိကန်သမ္မတအိုဘားမားသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုဝင်ဘာလ ၁၉ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း လွှတ်တော်သတင်းရပ်ကွက်မှ သိရှိရသည်။
သမ္မတအိုဘားမားသည် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်ပါ တွေ့ဆုံရန် အစီအစဉ်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံးတွင် တွေ့ဆုံသွားမည်ဖြစ်သည်ဟု သိရှိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံရောက်ရှိပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်သမ္မတအိုဘားမားသည် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာလ ၁၆ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်မူ “သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ” အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ “အလုပ်သဘောခရီး လာရောက် လည်ပတ်”မည်ဟု ဖော်ပြထားပြီး မည်သို့သော အလုပ်သဘောဖြစ်သည်ကို အသေးစိတ် ရှင်းလင်းထားခြင်း မရှိပေ။
သမ္မတအိုဘားမားလာရောက်မည့် နိုဝင်ဘာလ ၁၉ ရက်နေ့နီးကပ်လာသည်နှင့်အမျှ ရန်ကုန်တိုင်းတခုလုံးတွင် လုံခြုံရေး အထူး တင်းကျပ်လျက်ရှိသည်။