မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ပူးပေါင်းဆွေးနွေး ညှိနှိုင်းအဖြေရှာရန် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ပေါင်း ၅၀ ကျော်နှင့် ပညာရှင်များစုပေါင်း၍ ဖိုရမ်တခုအား ပုပ္ပားတောင်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာ၀ ပတ်ဝန်းကျင်ရေးရာ ဖိုရမ်ကို ယခုလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ပုပ္ပားတောင်ကလပ်ပေါ်ရှိ ရွှေမန်ကျည်းတောကျောင်း၌ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး၊ ကြေးနီစီမံကိန်းကြောင့် ပြဿနာပေါ်ပေါက်နေသော လက်ပန်းတောင်းတောင် ကိစ္စ၊ ပုပ္ပားတောင်မကြီးပေါ်ရှိ လက်ဖက်စိုက်ခင်းများနှင့် ဘိလပ်မြေအစားထိုး ပိုဆိုလန်စက်ရုံအား ဒေသခံများက အပြင်းအထန် ကန့်ကွက်နေကြသည့် အခြေအနေ၊ ထားဝယ်ရေနက်စီမံကိန်းကြောင့် ဒေသခံပြည်သူများ ကြုံတွေ့နေရသော ပြဿနာများနှင့် မြစ်ဆုံကိစ္စတို့ကို အဓိက ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်သည်။
“ဒီဖိုရမ်မှာ ပြောဆိုဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေဆီ တင်ပြသွားမယ်။ တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ သဘာ၀ ဝန်းကျင်အခြေအနေ အားလုံးကို သိရမှာပါ” ဟု မြန်မာ့အစိမ်းရောင် ကွန်ရက်အဖွဲ့မှ တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
သစ်တောပညာရှင်၊ မိုးလေဝသပညာရှင်၊ မြေဆီလွှာပညာရှင်၊ သြဂဲနစ်ပညာရှင်၊ ဓာတုဗေဒပညာရှင် စသည်ဖြင့် နယ်ပယ်အစုံမှ ပညာရှင်ပေါင်း ၃၀ ကျော် ဝင်ရောက် ဆွေးနွေးသွားကြမည်ဖြစ်ပြီး၊ စိတ်ဝင်စားသူ ဒေသခံပြည်သူများနှင့် ပညာရှင်များ မေးမြန်းသည့် ကဏ္ဍလည်း ပါဝင်မည်ဟု သိရသည်။
“ကျနော်ကတော့ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လေထု၊ ရေထုညစ်ညမ်းရပုံကို အဓိက ပြောမယ်။ နောက် ရွှေတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ သဘာဝန်းကျင်ဆိုင်ရာ အကျိုးဆက် ဆိုးကျိုးတွေပါ ထည့်ပြောသွားမှာပါ” ဟု ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောသည်။
အဆိုပါ သဘာ၀ ပတ်ဝန်းကျင် ဖိုရမ်ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမ ၂ ရက်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သဘာ၀ ဝန်းကျင်ရေး လှုပ်ရှားအဖွဲ့အစည်းများမှ သဘာ၀ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုနှင့် ဆက်စပ်ပြဿနာများအား တင်ပြကြမည် ဖြစ်ပြီး ပညာရှင်များရော ဒေသခံများကပါ ဝိုင်းဝန်းဆွေနွေးကြမည်ဖြစ်ကြောင်း၊ နောက်ဆုံးရက်၌ ပုပ္ပားတောင်မကြီးပေါ်ရှိ ပုဂ္ဂလိက လက်ဖက်စိုက်ခင်းများနှင့် အစိုးရ၏ ဘိလပ်မြေအစားထိုး ပိုဆိုလန်စက်ရုံကြောင့် ပျက်စီးနေသော ပုပ္ပားတောင်ကြီး၏ အခြေအနေအား လှည့်လည်ကြည့်ရူကြမည် ဖြစ်ကြောင်း သိရသည်။
ပုပ္ပား တောင်ပေါ်ရှိ လက်ဖက်စိုက်ခင်းနှင့် နဂါးမောက်သီး စိုက်ခင်းများကြောင့် သဘာ၀ ရေထွက်စမ်းပေါက်များ ခမ်းခြောက်လာနေကြောင်း၊ ယခင်က ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော်ရှိရာကနေ ၆၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။ ထို့ကြောင့် တောင်မှထွက်သော ရေကိုသာ အဓိကအားထား သောက်သုံးနေရသည့် ကျောက်ပန်းတောင်း မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၂၆ ရွာတွင် ရေရှားပါးမှု ကြုံတွေ့နေရသည်။
ထို့အပြင် မီးတောင်ကြီးမှ ထွက်ရှိသော ပိုဆိုလန်အမှုန့် (မီးတောင်ပြာ) များအား ဘိလပ်မြေ အစားထိုးပြုလုပ်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ထုတ်ယူနေရာ အမှုန်များက အနီးပတ်ဝန်းကျင်ရှိရွာများရှိ သောက်သုံးရေကန်များအတွင်း ကျရောက်သည့်အတွက် ကျန်းမာရေး ထိခိုက်နေရသည့်အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ဖြစ်ပွားနေသည့် အခြေအနေများရှိနေသည်ဟု သိရသည်။
မြန်မာ့အစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပုပ္ပားတောင်၏ သဘာဝပတ်ဝန်းကျင် အခြေအနေအား ယခုနှစ်အတွင်း ကွင်းဆင်းလေ့လာမှုများ လုပ်ခဲ့ရာ အမှန်တကယ် ပျက်စီးနေသည်တွေကို တွေ့မြင်နေရသည့်အတွက် အားလုံး ထင်သာမြင်သာ ဖြစ်စေရန် ပုပ္ပားတောင်၌ ဖိုရမ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပညာရှင်များပါဝင်သည့်အတွက် ဒေသခံများ၏ ဆန္ဒအားလည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရနိုင်မည်ဟု ပြောသည်။
တွင်းတောင် စိမ်းပြာရေညှိ စီမံကိန်းတွင် လုပ်ကိုင်ခဲ့သော အမှတ် (၁) စက်မှုဝန်ကြီးဌာန စက်ရုံမှူးဟောင်း ဒေါက်တာ မင်းသိန်းက “စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲနေတာတွေကို ရပ်ပစ်နိုင်ဖို့ ကျနော်တို့ စိမ်းပြာရေညှိကနေ ထုတ်တဲ့ သဘာဝမြေသြဇာကို စီးပွားဖြစ် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါပြီ။ ဒီနည်း သုံးသင့်ကြောင်းကို တင်ပြသွားမယ်” ဟု ပြောသည်။
ပုပ္ပားတောင် ပြန်လည်ထိန်းသိမ်းရန် ကျောက်ပန်းတောင်းမြို့ ဒေသခံများဖြင့် ပုပ္ပားတောင်ချစ်သူများ အဖွဲ့အား သြဂုတ်လ ၂၀ ရက်နေ့က သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များဖြစ်သော ဦးအုန်းနှင့် EcoDev မှ ဦးဝင်းမျိုးသူတို့က ဖွဲ့စည်းပေးခဲ့သည်။
ယင်းအဖွဲ့က လစဉ် ပုပ္ပားတောင်မကြီးပေါ်တွင် သစ်တောသန့်ရှင်းရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး စိုက်ခင်းများကြောင့် ခုတ်ထွင်ရှင်းလင်းခံခဲ့ရသည့် သစ်ပင်များနေရာတွင် သစ်ပင်များ အစားထိုး စိုက်ပျိုးခွင့်ပေးရန် သစ်တောဦးစီးဌာနသို့ တင်ပြထားသည်။
မြန်မာ့အစိမ်းရောင်ကွန်ရက်၏ လက်ရှိလှုပ်ရှားမှုအနေဖြင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေး ထိခိုက်မှုများ ရှိနေခြင်းကြောင့် မြေနမူနာများယူပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေကြောင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာတွေ့ရှိချက်များအား နိုင်ငံတော်သမ္မတနှင့် စီးပွားရေးဦးပိုင် လီမိတက်သို့ တင်ပြထားကြောင်း သိရသည်။
သဘာ၀ ဝန်းကျင်ရေးရာများကို တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရန် မြန်မာ့အစိမ်းရောင် ကွန်ရက်အဖွဲ့ကို ၂၀၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့၌ တနိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းပေါင်း ၅၃ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းစဉ်က ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ပြင်ဦးလွင်မြို့ရှိ FAME အော်ဂဲနစ် ဆေးဝါးစက်ရုံအား လေ့လာခဲ့ကြောင်း သိရသည်။