အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် အချိန်ကိုက်ကာ နိုင်ငံရေးအကျဉ်းသား အများစု ပါဝင်သော အကျဉ်းသား ၆၆ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ယနေ့ လွတ်မြောက်လာသူများထဲတွင် သေဒဏ်၊ ထောင်ဒဏ် တသက်တကျွန်း စသည့် နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်တွင်း ၁၅ နှစ် ဝန်းကျင် နေထိုင်ခဲ့ကြရသည့် ကိုလကျ်ာထွန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး စသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ရာ ယခု နောက်ဆုံး စာရင်းများအရ အကျဉ်းသား ၆၅ ဦး လွတ်မြောက်လာပြီဟု အတည်ပြုနိုင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
“အခု လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ ၆၆ ဦး ဖြစ်ပြီး တကယ် လွတ်လာတာက ၆၅ ဦးပါ။ မလွတ်ဘဲ ကျန်ခဲ့တဲ့ တဦးက မန္တလေးထောင်က နောက်အမှုရှိလို့ ရင်ဆိုင်ဖို့ အချုပ်သားဘဝနဲ့ ကျန်ခဲ့တယ်။ လွတ်လာသူတွေထဲမှာ AAPP စာရင်းမှာ မပါဘဲလွတ်လာသူက ၁၄ ဦး ရှိပါတယ်၊ လွတ်လာသူတွေထဲ နိုင်ငံရေးနဲ့ မပတ်သက်တာ ၆ ယောက်ပါတယ်” ဟု AAPP တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
မန္တလေးအကျဉ်းထောင်မှ ယနေ့လွတ်မြောက်လာသူ ၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ဦးစိုင်းလှအောင် (ဘ) ဦးကံစိန် ဆိုသူသည် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရပြီး လွတ်မြောက်ခွင့် ရှိသော်လည်း နောက်အမှုတခု ရင်ဆိုင်ရန် အချုပ်သားအဖြစ် အကျဉ်းထောင်တွင် ကျန်ရှိနေခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ကြာသပတေးနေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား တဦးမှ ပါမလာသည့်အတွက် ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူများက စိတ်ပျက်ကြောင်း အသီးသီး ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားအများစု ပါဝင်သည့် လွတ်ငြိမ်းသက်သာခွင့်ဖြင့် နှစ်ရှည် အကျဉ်းကျခံနေကြရသူများကို ထပ်မံလွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလကျ်ာထွန်းက အမေရိကန် သမ္မတ အိုဘားမား လာရောက်ချိန် လွတ်မြောက်မှုအတွက် ၎င်းအနေဖြင့် ဝမ်းမြောက်သော်လည်း ယခု လွတ်ငြိမ်းသက်သာခွင့်သည် တရားမျှတမှု မရှိကြောင်း ဧရာဝတီကို ပြောသည်။
“ထောင်ထဲမှာ ကျနော်တို့ရဲ့ ဘဝတူတွေ ကျန်ခဲ့ပါတယ်။ သာယာဝတီ ထောင်မှာဆိုရင် အမျိုးသား ၁၄ ယောက်၊ အမျိုး သမီး ၁၂ ယောက် ကျန်ခဲ့ပါတယ်။ မနက်ကတော့ သူတို့ မျက်နှာတွေ ကြည့်တောင် မကြည့်ရဲဘူး။ ခံစားကြရပါတယ်။
ဒီ လွတ်ငြိမ်းချမ်းသာခွင့်က ကျနော့်အတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် တရားမျှတမှု မရှိပါဘူး”ဟု သူက ဆို သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဗမျိုးသိန်းက ယခု သတင်းရေးသားချိန်အထိ ရရှိသော စာရင်းအရ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၊ မတရားသင်း ဆိုင်ရာ ပုဒ်မ ၁၇-၁ နှင့် ၁၇-၂ စသည့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေး အကျဉ်းသား ၃၈ ဦးပါဝင်ပြီဟု အတည်ပြုနိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“ဒီအချိန်ထိ ထောင် ၁၀ ထောင်လောက်က နိုင်ငံရေးအကျဉ်းသား ၃၈ ယောက်လွတ်လာပြီ။ နိုင်ငံရေးအကျဉ်းသား ပါတဲ့အတွက်ကြောင့် ကြိုဆိုတယ်။ ဒါပေမယ့်လို့ အိုဘားမား ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး လွှတ်ပေးလိုက်တဲ့ကိစ္စဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာ လုံး၀ မရှိသင့်တော့ဘူး” ဟု ဦးဗမျိုးသိန်းက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ကလည်း “မြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့ ပြဿနာတွေထဲက အရေးအကြီးဆုံး တခုလည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စမှာ ဒီလောက်လွှတ်ပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အထိကို ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီးတော့ မြန်ဆန်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ဖွဲ့မှ သေဒဏ်နှင့် ထောင်ဒဏ် ၁၄ နှစ်ကျခံရပြီး အကျဉ်းထောင်တွင်း ၁၅ နှစ်ခန့်နေခဲ့ရသူ ကိုနိုင်အောင်ကလည်း ယနေ့ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်သော်လည်း တမျိုးခံစားရကြောင်း ဧရာဝတီကို ပြောဆိုခဲ့သည်။
“လွတ်လာတာတော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် သူများနိုင်ငံက သမ္မတလာမှ ကိုယ့်ကို လွှတ်ပေးတယ်ဆိုတော့ ခံစားရတာ တမျိုးကြီးပေါ့ဗျာ” ဟု သူက ဆိုသည်။
သေဒဏ်မှ တသက်တကျွန်း ပြောင်းလဲသတ်မှတ်ခံရပြီး သာယာဝတီ အကျဉ်းထောင်မှ ၎င်းနှင့်အတူ အမှုတွဲ ၆ ဦးစလုံး ယနေ့ လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း၊ ၎င်းတို့ုကိုလည်း လွှတ်ပေးသင့်ကြောင်း သူက ဆက်ပြောသည်။
အလားတူ ABSDF တပ်ရင်း ၂၀၅ မှ အဖွဲ့ဝင် နောက်တဦးဖြစ်သည့် အသက် ၄၇ နှစ်ရှိ ပုဒ်မ ၁၂၂/၁ ဖြင့် သေဒဏ် ချမှတ်ခံခဲ့ရသူ ကိုသန့်ဇင်ကလည်း ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းထောင်တွင် နေခဲ့ရပြီး လွတ်မြောက်လာခြင်း အတွက် ဝမ်းသာသော်လည်း ယခင် ABSDF မှ နိုင်ငံရေး အကျဉ်းသားများ ကျန်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“အခု လွတ်လာတာ ဝဋ်ကြွေးတခု ကြေသွားတယ်လို့ပဲ ခံစားရပါတယ်” ဟု သူက ဆိုသည်။
အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် အကြိုအဖြစ် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အမေရိကန် ရှေ့ပြေး တာဝန်ရှိသူတချို့နှင့် မြန်မာအစိုးရ သမ္မတရုံး ဝန်ကြီးတချို့ ရန်ကုန်ရှိ Peace Centre ၌ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားအများစု ပါဝင်သည့် လွတ်ငြိမ်းသက်သာမိန့်ကို သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ကြေညာလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နိုင်ငံရေးပါတီများ၊ AAPP တို့၏ နောက်ဆုံး စာရင်းများအရ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ရှိခဲ့ရာ ယခုအချိန်တွင် ၂၀၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။
မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သမ္မတ အိုဘားမား မြန်မာခရီးစဉ် မစတင်မီ နာရီပိုင်းအလိုတွင် ထုတ်ပြန်ကြေညာချက်တွင်လည်း အကျဉ်းသားကိစ္စကို ထည့်သွင်းဖော်ပြခဲ့သည်။
“ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြား သက်ဆိုင်ရာ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ အကြား ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များ ကို ပြန်လည် စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု အစိုးရ၏ ကြေညာချက်က ဆိုသည်။
သမ္မတ အိုဘားမားကလည်း ယနေ့ နေ့လယ်ပိုင်းက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သမိုင်းဝင် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ၎င်းတို့အား ကန့်သတ်မှုများ ဖယ်ရှားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်ဖော်ဆောင် မှုသည် နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် အဓိက အရေးပါသည့် ခြေလှမ်းဖြစ်ကြောင်း ထောက်ပြပြောဆိုသွားသည်။