ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ တပ်မတော်အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြ သောကြောင့် ကချင်ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည့် HIV/ AIDS ဝေဒနာရှင်များအတွက် ART ဆေး ပြတ်လပ်မှုနှင့် ရင်ဆိုင် နေကြရကြောင်း သတင်းရရှိသည်။
“ART ဆေးကို ကျမတို့ဆီမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (AZG) က ပေးနေတယ်။ ဒါပေမယ့် အခုလို ဒုက္ခသည် စခန်း ရောက်လာကြတော့ AZG ကလည်း စခန်းအထိ လိုက်မပေးနိုင်ဘူး။ ဝေဒနာရှင်တွေ ကိုယ်တိုင်လည်း သွားမယူနိုင်ကြဘူး။ သွားယူဖို့ ကျပြန်တော့လည်း လမ်းပန်း ဆက်သွယ်ရေးက မကောင်း၊ လုံခြုံရေးက မရှိဆိုတော့ များသောအားဖြင့်က ဆေးသွားမယူဘဲ ဆေးသောက်တာ ရပ်လိုက်ကြတယ်” ဟု မြန်မာ – တရုတ် နယ်စပ်ရှိ မဂါးယန် ဒုက္ခသည်စခန်းမှ သူနာပြုဆရာမ မသိမ်းဝမ်က ပြောသည်။
ART ဆေး ရပ်လိုက်ခြင်းကြောင့် ဒုက္ခသည်စခန်းများတွင် HIV/ AIDS ကြောင့် အသက်ဆုံးရှုံးမှုများလည်း ရှိလာသည့် အပြင် တချို့ဝေဒနာရှင်များမှာ ART ဆေး သုံးစွဲနေရကြောင်း၊ စခန်းသူနာပြုကို အသိမပေးသဖြင့် သေဆုံးမှု များလည်း ရှိကြောင်း သိရသည်။
“ရိုးရိုးဆေးတွေကိုတော့ ကချင်ပြည်နယ် အစိုးရကသော်လည်းကောင်း၊ တခြား အလှူရှင်တွေက သော်လည်းကောင်း ပေးလို့ရတယ်။ ဒီ ART ဆေးကိုတော့ သူတို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းကပဲ ပေးခွင့်ရှိတော့ ခက်တယ်။ ဆေးရရှိဖို့က အကန့်အသတ် ရှိနေတယ်” ဟု ကချင်ပြည်နယ်အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။
မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စသည့် မြို့နယ်များနှင့် အနီးတဝိုက် ဒုက္ခသည်စခန်းများရှိ HIV/ AIDS ဝေဒနာရှင်များ အတွက် AZG ဆေးခန်းများရှိရာ မြို့ပေါ်သို့ ဆေးသွားယူရန် အခက်အခဲ မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လုံခြုံရေး စိတ်မချရသည့် တရုတ် – မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် ပန်ဝါ၊ ကန်ပိုက်တီး၊ မံစီ စသည့် ဒေသများရှိ ဒုက္ခသည် များအတွက် ဆေးပြတ်လပ်မှုမှာ ဆိုးရွားနေကြောင်း သိရသည်။
“AZG ဆေးခန်းရှိတဲ့ လိုင်ဇာကို သွားဖို့ တရုတ်ပြည်ထဲက ဖြတ်သွားရတယ်။ ပတ်စ်ပို့ မရှိတဲ့ အတွက် တောလမ်းကပဲ သွားရတယ်။ တောလမ်းဆိုတာလည်း ခြေလျင်ပဲ လျှောက်ရတာ။ ကြာတော့ သွားမယူချင်တော့ဘူး။ ဒီအတိုင်းပဲ နေလိုက် တော့တယ်” ဟု မဂါးယန် ဒုက္ခသည် စခန်းတွင် နေထိုင်သည့် HIV/ AIDS ဝေဒနာရှင် တဦးက ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာစိုးရ တပ်မတော်တို့၏ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ စစ်ရေးပိုင်းတွင် ပိုမိုတင်းမာနေကြဆဲဖြစ်သည်။
“ကျနော်တို့လို ပရဟိတ အဖွဲ့တွေ အနေနဲ့ ကျတော့ နေရေး၊ စားရေး လောက်ပဲ အဓိက စဉ်းစားနိုင်တယ်။ ဒါကို ထည့် မစဉ်းစားနိုင်တာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်ကိုက သွားလာရေး အခက်အခဲ၊ ရံပုံငွေ အခက်အခဲတွေ ရှိတယ်။ ART ဆေးဆိုတာကလည်း လိုတိုင်း ရနိုင်တာ မဟုတ်ဘူး” ဟု ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက် လှူဒါန်းနေသည့် စိမ်းရောင်စိုအဖွဲ့မှ ကိုမင်းထက်ငြိမ်းချမ်းက ဆိုသည်။
HIV/ AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲ အစီအစဉ် (Joint United Nations Program on HIV/AIDS – UNAIDS) ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ခန့်မှန်းခြေ ၂၄၀,၀၀၀ ဦးရှိပြီး ထက်ဝက်ခန့်မှာ ဆေးကုသမှု မရရှိသည့် အပြင် AIDS ရောဂါကြောင့် နှစ်စဉ် လူ ၁၈၀၀၀ ခန့် သေဆုံးနေရကြောင်း သိရသည်။ ART ဆေးထောက်ပံ့မှု ရရှိမှုမှာလည်း အကန့်အသတ် များရှိနေပြီး နိုင်ငံတဝှမ်းရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေး လုံလောက်အောင် ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။