ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်၍ မိမိတို့ နေရပ်သို့ ပြန်လည် အခြေချနေထိုင်ရန် အာဏာပိုင်များက ပြန်လည်ခေါ်ယူနေသော်လည်း ဒုက္ခသည်များမှာ စိုးရိမ်မှုများရှိနေပြီး မပြန်လိုသေးကြောင်း သိရသည်။
ရခိုင်လူမျိုးများနှင့် မွတ်စလင်များ တဖက်ဖက်က အင်အားများသည့် ရပ်ရွာများတွင် ပြန်လည်နေရာချရန် စိတ်မချသေးသည့်အတွက် မပြန်လိုကြသေးဟု သိရှိရသည်။
မြောက်ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်စခန်း၌ ခိုလှုံနေသူ ဒေါ်စန္ဒာဦးက “မပြန်ရဲသေးဘူး။ ပြန်လို့လည်း မရနိုင်သေးဘူး ထင်တယ်။ ကျမတို့ ရွာပတ်ဝန်းကျင်မှာက သူတို့ရွာတွေ များကြီးရှိတာ။ သူတို့ရှိ နေသမျှ ကာလပတ်လုံး ရွာကို လုံးဝမပြန်ရဲသေးဘူး။ ရွာပြန်သွားရင် စိတ်ချလက်ချနေလို့ ရနိုင်တာမှ မဟုတ်တာ။ လုံခြုံရေးတွေ ရှိတယ် ဆိုပေမယ့် သူတို့က အချိန်ပြည့် တာဝန်ယူနိုင်မလား” ဟု ပြောသည်။
မွတ်စလင်များ အနေဖြင့်လည်း မိမိတို့ နေရင်းဒေသသို့ ပြန်ရန်ဆန္ဒရှိသော်လည်း စီးပွားရေး၊ လူမှုရေး အခက်အခဲများနှင့် လူမျိုးစုများအကြား စိုးရိမ်မကင်းဖြစ်မှုများ ရှိနေသေးကြောင်း၊ ထို့အပြင် တချို့ဒေသများတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် လက်ရှိ နေထိုင်ရာနေရာတွင်ပင် ဆက်လက်နေထိုင်ဖွယ် ရှိနေကြောင်း စစ်တွေမြို့ သဲချောင်းရှိ ကိုစိုးလွင်က ပြောသည်။
အဆိုပါ သဲချောင်းအတွင်း ပေါက်တောနှင့် ကျောက်ဖြူတို့မှ ထွက်ပြေးလာသော မွတ်စလင်များ ရှိနေကြောင်း၊ လက်ရှိ အချိန်တွင် ၎င်းတို့သည် ဒုက္ခသည်စာရင်း မဝင်သောကြောင့့် ထောက်ပံ့ကူညီမှုများလည်း မရရှိကြကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့က ပြန်ဖို့ကိုလည်း ကြောက်နေကြတယ်။ ဒီမှာက ကိုယ့်ဘာသာဝင် အချင်းချင်း ကူညီမှုတွေရတယ်။ အခု ကျောက်ဖြူမှာဆိုရင် ချထားပေးတဲ့နေရာက မြို့နဲ့လည်း အလှမ်းဝေးတယ်။ သူတို့ရဲ့ စားရေးသောက်ရေး အတွက်လည်း အဆင်မပြေမှာ စိုးရိမ်ကြတယ်။ ပြန်ချင်ပေမယ့် မပြန်ရဲကြဘူး။ ဟိုရောက်ပြီးမှ ရိက္ခာပေးမယ့်သူ မရှိရင် ပိုးဆိုးမှာကို စိုးရိမ်ကြတာ။ ပေါက်တောဘက်က လူတွေဆိုရင်လည်း ရခိုင်လူမျိုးတွေ နေထိုင်တာများတော့ သူတို့ရဲ့ လုံခြုံရေးကို ပြန်စိုးရိမ်ကြပြန်ရော။ အစိုးရဘက်က တိတိကျကျနဲ့ သေသေချာချာ စီစဉ်ပေးမယ်ဆိုရင်တော့ သူတို့ ပြန်ချင်နေကြတယ်” ဟု ကိုစိုးလွင်က ပြောသည်။
မွတ်စလင်နှင့် ရခိုင်တိုင်းရင်းသား နှစ်ဖက်စလုံးသည် လုံခြုံရေးတပ်ဖွဲ့များ အကူအညီဖြင့် သွားလာမှုများ ပြုလုပ်နေကြရသော်လည်း လုံခြုံရေး ပြန်လည် ရုပ်သိမ်းသွားလျှင် ထပ်မံဖြစ်ပွားလာမည့်အရေးကို စိုးရိမ်သောကြောင့် ၎င်းတို့နေရပ်ကို ပြန်နိုင်ရန် အချိန်ကြာမြင့်ဦးမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းတို့အနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သော နေရာများသို့ နေရပ်ပြန် နေထိုင်ကြရန် စစ်တပ်မှ တိုက်တွန်းထားသော်လည်း လူမျိုးစုနှစ်ဖက်အကြား ယုံကြည်မှု မရှိတော့သည်ကို တွေ့ရှိရကြောင်း ရခိုင်လူငယ်ကွန်ရက်မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။
“ပုရိန်ကုန်းရွာဆိုရင် ဘေးပတ်လည်မှာ မွတ်စလင်ရွာတွေပဲ ရှိတာ။ လုံခြုံရေးတွေရှိတယ် ဆိုပေမယ့် အတိုင်းအတာ တခုအထိပဲလေ။ အမြဲတမ်း တာဝန်ယူနိုင်မှာ မို့လို့လား” ဟု ၎င်းက ပြောသည်။
ရခိုင်ပဋိပက္ခ ဒုက္ခသည်များအတွက် အစားအသောက်နှင့် နေမှုထိုင်ရေး ပံ့ပိုးကူညီပေးမှုများသည် တဖြည်းဖြည်း လျော့နည်းစ ပြုလာပြီဖြစ်ကြောင်း၊ ယခုအခါ ဆောင်းရာသီဝင်လာပြီ ဖြစ်၍ ဒုက္ခသည်များအတွက် နေရေးထိုင်ရေး အပ်ချက်များ ပိုမိုများပြားလာပြီဖြစ်ကြောင်းလည်း ကိုထွန်းထွန်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ရက်ရှည်လာတော့ အလှူတွေကလည်း ၂၅ ရာခိုင်နှုန်းလောက် လျော့လာတယ်။ အခုဆိုရင် စောင်တို့၊ အနွေးထည်တို့ လိုအပ်လာပြီ။ တချို့လူတွေက အဝတ်တထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတော့ ဘာမှမရှိကြဘူး။ ကျနော်တို့ကတဆင့် လှူဒါန်းတဲ့သူတွေကိုတော့ ဆောင်းရာသီ လိုအပ်တာလေးတွေ ပိုလှူဖို့ ပြောထားတယ်။ အစိုးရဘက်က ဆန်လေး ဘာလေး လာလှူတာလောက်ပဲ ကြားရတယ်။ တခြား ဘာမှ အကူအညီပေးတာ မတွေ့ရသေးဘူး” ဟု ပြောသည်။
တချို့ရွာများတွင် နေအိမ်များအားလုံး မီးလောင်ပျက်စီးသွားသဖြင့် ၎င်းတို့အတွက် အိုးအိမ်အခက်အခဲများလည်း ရှိနေကြောင်း မြောက်ဦးမြို့ အလိုတော်ပြည့်ဆရာတော်က မိန့်ကြားသည်။