ငွေကြေး အလွဲသုံးစားမှု ကိစ္စများနှင့် ပတ်သက်နေသည့် အစိုးရထုတ် နိုင်ငံပိုင်သတင်းစာများကို ရပ်ဆိုင်းရန် ပြည်ထောင်စုလွှတ်တော်၌ တင်ပြ တောင်းဆိုလိုက်ကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနအတွင်း ငွေကြေးအလွဲသုံးစားမှု လုပ်ဆောင်ခဲ့ခြင်းနှင့် ယခုအခါ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်ပြခဲ့သည်။
ဒီမိုကရေစီ အသွင်ပြောင်းချိန်တွင် သတင်းစာများ၏ အခန်းကဏ္ဍ မြှင့်တင်နေသည်ကို တွေ့ရကြောင်း၊ အတိတ်ကာလကို ပြန်ကြည့်ပါက ပြန်ကြားရေး ဝန်ကြီးဌာနသည် သတင်းစာ ထုတ်ဝေမှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင် သတင်းစာများအား ယခု လွှတ်တော်သက်တမ်းတွင် လုံး၀ ရပ်ဆိုင်းသင့်ကြောင်း ဦးသိန်းညွန့်က ထောက်ပြ ဆွေးနွေးခဲ့သည်။
၎င်းက “အလွဲသုံးစားမှုတွေအပြင် လွှတ်တော်ရဲ့ အရေးကြီးတဲ့ ဆွေးနွေးချက်တွေကိုလည်း အနည်းအကျဉ်းပဲ ဖော်ပြတာတွေ့ရတယ်၊ ဒီတော့ ပုဂ္ဂလိကကဏ္ဍကိုပဲ မြှင့်တင်ပေးသင့်တယ်။ အများပြည်သူရဲ့ ဝန်ဆောင်မှုမီဒီယာဆိုပြီး ဆောင်ရွက်မယ့် ကိစ္စကိုလည်းပဲ ဝန်ကြီးဌာနအနေနဲ့ ပြန်လည်စဉ်းစားသင့်တယ်” ဟု ဆိုသည်။
အစိုးရပိုင် သတင်းစာများ ရပ်ဆိုင်းရန် လွှတ်တော်၌ တင်ပြဆွေးနွေးမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် မည်သို့မျှ ပြောဆိုလမ်းညွှန်မှု မရှိသေးကြောင်း မြန်မာ့အလင်း သတင်းစာတိုက် မန်နေဂျာ ဦးဝေဖြိုးသန်းက ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင် သတင်းစာများကို ရပ်ဆိုင်းပေးရန် အစီစဉ်မရှိဟု ယူဆကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဌာနအနေဖြင့် နိုင်ငံပိုင် သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု သတင်းစာများ အဖြစ် လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန် မီဒီယာဂရုပ် (ပ်) ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကို (စက်မှု) က ပြောသည်။
“နိုင်ငံပိုင် သတင်းစာတွေက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတော့ လောလောဆယ်မှာ ရပ်ဆိုင်းမယ့် အစီအစဉ်ရှိမယ် မထင်ပါဘူး။ ပုံနှိပ်စက်တွေလည်း လုပ်ထားတော့ ပုံစံအသစ်နဲ့ပဲ ဆက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် အချိန်တွင် နိုင်ငံပိုင် သတင်းစာများအနေဖြင့် အာဏာရ အစိုးရ၊ ပါတီ တရပ် အတွက်သာ ဝါဒဖြန့်သော သတင်းစာအဖြစ် မလုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများ သိသင့်သိထိုက်သော၊ ပြည်သူများအပေါ် ထင်ဟပ်စေမည့် အကြောင်းအရာများကို လွတ်လပ်ပွင့်လင်းစွာ ရေးသားဖော်ပြခြင်းဖြင့် ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဖြစ်သင့်ကြောင်းလည်း ဦးကိုကိုက ပြောသည်။
အစိုးရထုတ် နိုင်ငံပိုင်သတင်းစာများအား ပြည်သူ့ ဝန်ဆောင်မှု မီဒီယာများအဖြစ် အသွင်သစ်ဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာက မကြာသေးခင်က ကြေညာခဲ့ပြီးနောက် အရောင်အသွေး စုံလင်စွာဖြင့် ထုတ်ဝေနေသော်လည်း စာအရေးအသားများမှာမူ ပြောင်းလဲတိုးတက်လာခြင်း မရှိသေးသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။
ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar သတင်းစာများကို ဦးစီးထုတ်ဝေနေသည့် ပြန်ကြားရေး ဝန်ကြီးဌာနအတွင်း ငွေကြေး ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် အလွဲသုံးစားမှု လုပ်ဆောင်ခဲ့ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြီးခဲ့သည့် မတ်လအတွင်း စစ်ဆေးဖော်ထုတ်ခဲ့သည်။
ထို ငွေကြေး မသမာမှုသည် ပြီးခဲ့သည့် ၄ နှစ်အတွင်း လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊ သိန်းပေါင်း ၂၅၀၀ ကျော်အနက် ၁၀၀၀ ကျော်သာ ပေးသွင်းထားကြောင်း မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာတွင် ပါရှိသည်။ ထိုငွေကြေး အလွဲသုံးစားမှုကြောင့် မြန်မာ့အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူ ၃ ဦးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အရေးယူခဲ့သည်။
ငွေကြေးအလွဲသုံးစားမှုသည် ယခင်ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဦးကျော်ဆန်း နေရာတွင် ဦးအောင်ကြည်အား ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။
ဝန်ကြီး ဦးအောင်ကြည် တာဝန်ယူပြီး မကြာမီတွင် အစိုးရပိုင် သတင်းစာများကို အများပြည်သူ ဝန်ဆာင်မှု သတင်းစာများအဖြစ် အသွင်ပြောင်းလဲမည်ဟု ကြေညာပြီး ရောင်စုံ သတင်းစာများ အဖြစ်ထုတ်ဝေခဲ့သည်။
နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သည့် ကြေးမုံ သတင်းစာသည် ၁၉၅၇ ခုနှစ်တွင် ပုဂ္ဂလိကပိုင် သတင်းစာအဖြစ် ထုတ်ဝေခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီးနောက် ပြည်သူပိုင်အဖြစ် သိမ်းယူ၍ ထိုအချိန်မှ ယနေ့အထိ အစိုးရ၏ ဝါဒဖြန့် သတင်းများကိုသာ ရေးသားလျက်ရှိသည်။ မြန်မာ့အလင်း သတင်းစာကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
ပြန်ကြားရေးဝန်ကြီး အပါအဝင် ဝန်ကြီးဌာနပေါင်း ၁၅ ခုသည် ကျပ်ငွေဘီလီယံ ၆၀ ဝန်းကျင် ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက နှစ်ကြိမ်တိုင် စစ်ဆေးဖော်ထုတ်ခဲ့ပြီး၊ ထိုငွေများကို အချိန်ကာလတခုအတွင်း ပေးသွင်းရန်အတွက် ယမန့်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က သဘောတူညီခဲ့ကြသည်။
ငွေကြေး အလွဲသုံးစားမှုများနှင့် ပတ်သက်၍ အောက်ခြေအဆင့် ဝန်ထမ်းတချို့ကို အရေးထားသည့် အကြောင်းအရာများ ပါဝင်ကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး အဆင့်ရှိသူ တချို့ကို ဌာနပြောင်းရွှေ့ပေးထားသည်ကို စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာတွင် ပါရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးမှု ကိစ္စများကို နိုင်ငံပိုင် သတင်းစာများ၌ အကျယ်တဝင့်ရေးသား ဖော်ပြပေးခြင်း မရှိပေ။