မြန်မာနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အတွက် ဗဟို အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ပြည်ထောင်စု ဝန်ကြီး က ပြောဆိုကြောင်း သိရသည်။
“မြန်မာနိုင်ငံ၏ လျှပ်စစ်ဖွံ့ဖြိုးမှု မြန်ဆန်စွာ အထောက်အကူပြုနိုင်မည့် အသေးစားလျှပ်စစ် ကဏ္ဍ ပုံဖော်မှု အစီအစဉ်ကို လက် တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုး က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားသွားခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကမူ“ဝန်ကြီးက လက်ရှောင်လိုတဲ့သဘောပါ၊ ဝန်ကြီးပြောတာကို စစ် တပ် ကိုယ်စားလှယ်တွေကပါ ကန့်ကွက်ကြတယ်၊ ကျေး လက်ဒေသတွေ လျှပ်စစ်မီးရရှိရေးကိစ္စကို ဗဟိုအစိုးရ က လုပ်ပေးမှ ရမယ်ဆိုပြီးတော့ ကိုယ်စားလှယ်အများစုက ကန့်ကွက်တော့မှ ဝန်ကြီးဘက်က လက်လျှော့သွားတယ်”ဟု ပြောဆိုသည်။
ထိုအဆိုအား မန္တလေးတိုင်းဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က တင်သွင်းခြင်းဖြစ်ပြီး ကိုယ်စားလှယ် ၈ ဦး ပါဝင်ဆွေးနွေးကြကြောင်း၊ အတည်ပြုနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ အရေအတွက် များသည့်အတွက် အဆို ကို လွှတ်တော်က အတည်ပြု ပေးလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကျေးလက်ဒေသ မီးလင်းရေးအဆိုနှင့်ပတ်သက်၍ ဝန်ကြီး ဦးခင်မောင်စိုး က ပြန်လည်ဆွေးနွေးရာတွင် အသေးစားနှင့်အ လတ် စား လျှပ်စစ်ဓာတ် ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းများကို နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေအရ တိုင်းဒေသနှင့်ပြည်နယ် အစိုးရ တို့ကို လုပ်ပိုင်ခွင့်ပေးထားသည့် အတွက် ပြည်ထောင်စုအစိုးရ က စီမံပိုင်ခွင့် မရှိဟု ဆိုသည်။
ပြည်နယ်၊ တိုင်းဒေသ အစိုးရများအတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၂ တွင် လုပ်ပိုင်ခွင့်တချို့ပေး ထားသော် လည်း အရေးပါသည့် ကိစ္စများအားအလုံးကို ဗဟိုအစိုးရကသာ စီမံ ခန့်ခွဲပိုင်ခွင့် ရရှိထားသည်။ ပြည်နယ်၊ တိုင်းဒေသ အစိုးရ အတွက် ဇယား ၂ ပါ လုပ်ပိုင်ခွင့်၌ စည်ပင်သာယာ အခွန်ကောက်ခံခွင့်နှင့်ဒေသထွက် သတ္တုများကို စီမံခန့်ခွဲခွင့် စသည့်ဖြင့် ဖော် ပြ ထားသည်။
ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသအစိုးရတို့ အကြား လုပ်ပိုင်ခွင့်အာဏာ များစွာ ကွဲပြားခြားနားကြောင်း၊ လျှပ်စစ် မီး ရရှိရေးအပြင် ဒေသဖွံ့ဖြိုးရေး အတွက်လည်း ဘဏ္ဍာငွေလုံလောက်မှု မရှိကြောင်း သိရသည်။
“ဗဟိုအစိုးရက ကျပ်ဘီလီယံ တသောင်းကျော် (၁၄၀၀၀ ) ရထားတဲ့အချိန်မှာ တိုင်းဒေသ၊ ပြည်နယ် အစိုးရ အဖွဲ့တွေက ဘီလီ ယံ ၉၀၀ ပဲရထားတယ်၊ အဲဒါက ပြည်နယ်၊ တိုင်း ၁၄ ခု အတွက်ပါ၊ ဒီတော့ ဗဟိုအစိုးရရဲ့ သုံးတဲ့ငွေက အဆမတန်များနေ တယ်” ဟု ဦးဖုန်းမြင့်အောင် က ပြောသည်။
ဝန်ကြီး ဦးခင်မောင်စိုး က အသေးစားနှင့်အလတ်စား လျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများအတွက် နည်းပညာပိုင်း ဆိုင်ရာများ ပံ့ပိုး ကူညီပေးရန် ပြည်နယ်၊ တိုင်းဒေသ အစိုးရများက အကူအညီတောင်းခံ လာပါက ဗဟိုအစိုးရ အနေဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟု ပြောဆိုသည်။
လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောက်လျှက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် ရေးနှင့်ကုန်ချောပစ္စည်းရရှိမှု ခက်ခဲသော ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့ရှိ စီမံကိန်းတချို့မှာ ကုန်ကျ စရိတ် မြင့်မား သည်ကိုတွေ့ ရှိထားကြောင်းလည်း ၎င်း က ပြောသည်။
ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် တချို့တဝက် အကောင်အထည် ဖော်ထားသည့် ဘူးသီး တောင် ဒေသရှိ စိုင်းဒင်ရေအား လျှပ်စီမံကိန်းအား ယခုအခါ ရပ်ဆိုင်းထားကြောင်း သိရသည်။
ထိုစီမံကိန်းအား အကောင်အထည်ဖော်ရန် ၁၉၅၂ ခုနှစ် ဦးနုအစိုးရ လက်ထက်မှ စတင်ခဲ့သော်လည်း လက်တွေ့ အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးပေ။
ပြည်နယ်တချို့၌ အကောင်အထည်ဖော်ရန် လေ့လာနေသည့် ရေအားလျှပ်စစ် စီမံကိန်းများသည် ပြည်ထောင်စု အစိုးရ အတွက် အကျိုးအမြတ် မရရှိသည့်တိုင် ဒေသတွင်းပြည်သူများ လျှပ်စစ်မီး ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် လက်တွေ့ အကောင် အထည် ဖော်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး က ပြော သည်။
“တနိုင်ငံလုံး တန်းတူ ဖွံ့ဖြိုးစေချင်ရင် ဗဟိုအစိုးရ အနေနဲ့ ချုပ်ကိုင်ထားထာတွေ လျှော့ချပေးဖို့ လိုပါတယ်၊ လုပ်ပိုင်ခွင့် အာ ဏာ ခွဲဝေပေးဖို့၊ ဘဏ္ဍငွေတွေခွဲပေးဖို့ အရေးကြီးပါတယ်၊ လက်တွေ့ လုပ်ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။
သဘာ၀ သယံဇာတ အများဆုံးထွက်ရှိသည့် တိုင်းရင်းသား ဒေသများအတွက် လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို အလေးထား လုပ်ဆောင်ပေးမှု အားနည်းကြောင်းလည်း ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။
ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးနှင့် ပြည်သူများလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက် ကိုမူ အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန် သဘာဝဓာတ်ငွေ့သုံး ဂက်စ် တာဘိုင် ၂ လုံးကို ထိုင်းနိုင်ငံမှ လှူဒါန်း ထားကြောင်း၊ ထိုတာဘိုင် တည်ဆောက်ရန် ဒေါ်လာ ၄၃ သန်းကုန်ကျမည် ဖြစ်ပြီး အကောင်အထည်ဖော်ရန် ဗဟိုအစိုးရကို ပြည်ထောင်စု လွှတ်တော် က ယနေ့ ဆုံးဖြတ်ပေးလိုက်ကြောင်း သိရသည်။
လျှပ်စစ်မီး အခက်အခဲကြောင့် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့် နိုင်ငံတဝန်း မြို့အများအပြားတွင် လျှပ်စစ်မီး ရရှိရေး အတွက် ဖယောင်းတိုင် ထွန်းညှိ၍ ဆန္ဒပြတောင်းဆိုမှုများ ပြီးခဲ့သည့် မေလ နှင့်ဇွန်လတို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့ကြသေး သည်။