ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကညွတ်အိုင် အင်းအား ဖျက်ဆီးသည်ဟူသော စွပ်စွဲချက် ဖြင့် သတင်းထောက် ၂ ဦး အပါအဝင် လူ ၃၉ ဦးကို အင်းသူကြီး ဖြစ်သူက ကျောင်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရ သည်။
ကညွတ်အိုင်အင်း ၏ အကာအရံများကို ကျောင်းကုန်းမြို့နယ် သဲခုံ၊ ဆိပ်ဖူးနီနှင့် လှေကားချောင် ကျေးရွာများမှ ရေလုပ်သား ၂၀၀ ခန့်က ယခုလ ၁၉ ရက်နေ့တွင် ဝင်ရောက်ဖြုတ်ချရာ၌ ဦးဆောင်သူ၊ အားပေးသူများနှင့် အခင်းဖြစ်ချိန်၌ အနီးတွင် ရှိနေသည့် သတင်းထောက် ၂ ဦးကိုပါ အမှုဖွင့်ထားခြင်း ဖြစ်သည်။
“လူ ၃၉ ယောက်ကို ရမန်(တရားရုံးချိန်း)ပေးထားတယ်။ အဲဒီအထဲမှာ ဦးဆောင်သူ၊ အားပေးသူတွေနဲ့ မီဒီယာသမားတချို့လည်းပါတယ်။ လူတဦးချင်းစီရဲ့ ပါဝင်ပတ်သက်မှုနဲ့ လှုံ့ဆော်မှုအပေါ် မူတည်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ပုသိမ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်က ဧရာဝတီကို ပြောသည်။
အမှုဖွင့်ခံထားရသည့် သတင်းထောက်၂ ဦးမှာ Burma VJ Media မှ တီဗီ သတင်းထောက် ကိုမျိုးကျော်(ခ) ကိုညီထွေးနှင့် New Day မီဒီယာမှ မကြည်ငြိမ်းသော် တို့ ဖြစ်သည်။
ထို လူ ၃၉ ဦးစလုံးကို ပုဒ်မ ၄၄၇ ၊ ၄၂၇ ၊ ၃၄ တို့ဖြင့် အမှုဖွင့်ထားသည်။
ပုဒ်မ ၄၄၇ မှာ သူတပါးပိုင်နက်ကို ကျော်နင်းဝင်ရောက်မှုဖြစ်ပြီး ပုဒ်မ ၄၂၇ မှာ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှုဖြစ်သည်။ ပုဒ်မ ၃၄ မှာ ပြစ်မှုကျူးလွန်စေရန် အားပေးအားမြှောက် ပြုခြင်းနှင့်ပတ်သက်၍ အရေးယူသည့်ပုဒ်မ ဖြစ်ကြောင်း သိရသည်။
ကညွတ်အိုင်အင်းသို့ သတင်းသွားယူသော ကိုမျိုးကျော်(ခေါ်) ကိုညီထွေးနှင့် မကြည်ငြိမ်းသော်တို့အား အခင်းဖြစ်ပွားသည့် ယခုလ ၁၉ ရက်နေ့ ညနေပိုင်း တွင် ကျောင်းကုန်း ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး အဆိုပါ ပုဒ်မများဖြင့် အမှုဖွင့်၍ ည ၁၂ နာရီခန့်တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းကုန်း တရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ရမည်ဟု Burma VJ Media ၏ ထုတ်ပြန်ချက်တွင် လည်း ဖော်ပြထားသည်။
“အင်းဖျက်ဆီးမှုနဲ့ ပတ်သက်သူ ၃၉ ဦးကို စစ်ဆေးပြီးသွား ပါပြီ။ စစ်ဆေး ပေါ်ပေါက်ချက်အပေါ် မူတည်ပြီးတော့ တရားစွဲသင့် မစွဲ သင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ စွပ်စွဲချက် မခိုင်လုံတဲ့လူတွေကို လွှတ်ပေးမှာပါ”ဟု ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး
ဦးဇော်ဝင်းကျော် က ဧရာဝတီကို ပြောသည်။
ရေလုပ်သားမည်သူမဆို တနိုင်တပိုင်ငါးဖမ်းနိုင်သည့် ရေပေါ်ရေလျှံကာလ ကုန်ဆုံး၍ အင်းဂရန် လုပ်ငန်း စတင် အသက်ဝင်သည့် ယခုလ ၁၈ ရက်နေ့တွင် အင်းသားကြီးက ကညွတ်အိုင်အင်းအား အင်းပိတ်ကာငါးဖမ်းခဲ့ပြီးနောက် အနီးဝန်းကျင် ကျေးရွာများမှ ရေ လုပ်သားများက ၁၉ ရက် နေ့လယ်ပိုင်းတွင် အင်းအတွင်း ဝင်ရောက်၍ အင်းလေလံ အောင်ထားသူ အင်းသူကြီး ရှေ့မှာပင် အင်း ၏ အကာအရံများကို ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။
အင်းဂရန် ကာလမှာ တန်ဆောင်မုန်း လဆန်း(နိုဝင်ဘာ)မှ တန်ခူးလ(ဧပြီ)အထိ ဖြစ်ကြောင်း သိရသည်။
အင်းသူကြီး ဦးမှုံကြီးက“နေ့လယ် ၁၁ နာရီလောက် သူတို့ရောက်လာတယ်။ ကျနော့်ကို ဘာမှမပြောဘူး။ လာညှိတာလည်း မရှိဘူး။ တောင်းဆိုတာလည်း မရှိဘဲ ကျနော့်မျက်စိရှေ့မှာတင် အင်းကို ဖျက်ဆီးသွားတာပါ။ ကျနော်တို့မှာ စိတ်မကောင်းစွာနဲ့ပဲ ထိုင်ကြည့် နေရ တယ်”ဟု ပြောပြသည်။
ယင်းအင်းနှင့်ပတ်သက်၍ ရေလုပ်သားများအား အင်းသူကြီးက ရေချိုငါးလုပ်ငန်းဥပဒေအတိုင်း အခွန်လွတ်ကိရိယာ၁၆ မျိုးဖြင့်
အင်းဂရန်ကာလ မတိုင်မီ ငါးဖမ်းခွင့်ပေးခဲ့သည်။ သို့သော် ရေလုပ်သားများက ပိုက်ဖြင့်ငါးဖမ်းခွင့် တိုးမြှင့်တောင်းဆိုသည့်အတွက်
ဆင်းရဲ နွမ်းပါးသူများကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
“လက်ရှိဖြစ်သွားတဲ့အနေအထားက ဦးမှုံကြီးက အင်း စဆယ်တဲ့အချိန်မှာ ရေပေါ်ရေလျှံ သမားအဖွဲ့တွေက လမ်းကြောင်းပိတ်သွားတယ်။ ဒီအတွက် သူတို့က ဆက်ပြီးတော့ လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်ချင်တဲ့အတွက် တောင်းဆိုတယ်။ တောင်းဆိုရင်း နဲ့ ကိုယ်ထိလက်ရောက် ပါသွားတာပေါ့။ ဟိုဘက်က တရားဝင် အင်းကန့်တာကို ဖျက်ဆီးလိုက်တော့ ဖျက်ဆီးတဲ့လူက ကျူးလွန် မှု ဖြစ်သွားတာပေါ့”ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။
ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ကိုမျိုးကျော်ကျော် ကလည်း အင်း ပြဿနာနှင့်ပတ်သက်၍ အင်းသူကြီးနှင့် ရေလုပ်သားများအကြား ပြီးခဲ့သည့် ၂ လအတွင်း ၂ ကြိမ်တိုင် ညှိနှိုင်းပေးခဲ့ပြီး အခွန်လွတ် ကိရိယာ ၁၆ မျိုးအပြင် ပိုက်ဖြင့်ပါ ငါးဖမ်းနိုင်ရန် ရေ လုပ် သားများဘက်မှ ညှိနှိုင်းပေးခဲ့ကြောင်း ပြောဆိုသည်။
ယခုပြဿနာ ဖြစ်ပွားရခြင်းသည် ဥပဒေနှင့် အညီ လုပ်ကိုင် ဆောင်ရွက်မှု မရှိခြင်းများကြောင့် ဖြစ်ရသည်ဟုလည်း ဆိုသည်။
အင်းထဲတွင် ငါးရံ့၊ ငါးမြစ်ချင်း၊ တလားဗီးယားစသည့် ငါးများမွေးမြူထားပြီး ယင်း ငါးများ၏ တန်ဖိုးမှာ ကျပ် သိန်း ၆၀ ခန့်ရှိကြောင်း အင်းသူကြီး က ပြောသည်။
“အင်းရဲ့ အကာအရံတွေ ဖယ်လိုက်တော့ ငါးတွေက မည်းခနဲ အုပ်လိုက်ကြီး အကုန် ထွက်သွားတာမြင်ရတော့ ကျနော် အတော့်ကို စိတ်မကောင်းဘူးဗျာ။ ရင်တွေတုန်ပြီး ဒူးကို ညွတ်ကျသွားတာပဲ”ဟု အင်းသူကြီး ဦးမှုံကြီးက ပြောသည်။
ကညွတ်အိုင်အင်းမှာ ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဦးမှုံကြီးက ၈ နှစ်ဆက်တိုက် လုပ်ကိုင်ခဲ့ပြီးနောက် ဧရာရွှေဝါ ကုမ္ပဏီက ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ထို့နောက် ယခုနှစ်တွင် ဦးမှုံကြီးက ကျပ် ၆၅ သိန်းဖြင့် လေလံအောင်ခဲ့သည့် အတွက် ပြန်လည် လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဧရာဝတီ တိုင်းဒေသကြီးတွင် အင်းသူကြီးနှင့် ရေလုပ်သား၊ အင်းသူကြီးနှင့် လယ်သမားများကြား ပဋိပက္ခနှင့် တင်းမာမှုများဖြစ်ပွား နေသည့် အင်းပေါင်း ၅ ခုထက်မနည်း ရှိနေသည်ဟု လယ်သမားနှင့် ရေလုပ်သားများအား လိုက်ပါကူညီပေးနေသော လူ့အခွင့် အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် က ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး အတွင်း အင်းပေါင်း ၁၇၀၀ ကျော်ရှိရာ ဘဏ္ဍာငွေ အများဆုံး ရှာဖွေပေးနေသည့် လုပ်ငန်းလည်း ဖြစ် သည်။
ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ကျပ် သိန်းပေါင်း ၄၉,၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ ဘဏ္ဍာ ရေး ဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။