အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်က ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းသကဲ့သို့ ဆန္ဒပြသည့် နည်းလမ်းတခုတည်း မဟုတ်ဘဲ ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းအတိုင်း ဖြေရှင်းသွားသင့်ကြောင်း ပြောကြားလိုက်သည်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ အခု ပွင့်လင်းမြင်သာမှု မရှိရင် ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ဘယ်လိုမှ ပြောလို့ မရဘူး။ ဆန္ဒပြတယ်ဆိုတာ အဖြေ မထွက်ဘူး။ ကျမတို့မှာ ညှိနှိုင်းတဲ့ယဉ်းကျေးမှု ပျောက်နေတယ်။ ဆန္ဒပြ အဖြေရှာရတာထက် ညှိနှိုင်းတာ အကောင်းဆုံး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ဖော်ဆောင်နေသည့် စီမံကိန်းများနှင့် ပတ်သက်၍ တဖက်သတ် ရပ်ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ယုံကြည်မှု ဆုံးရှုံးသွားမည်ဟုလည်း ပြောကြားကြောင်း သိရသည်။
“စီမံကိန်းတွေ မဖော်ဆောင်ခင်မှာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဖော်ဆောင်နေဆဲ စီမံကိန်းတွေကို တဖက်သတ် ရပ်စဲလိုက်တာဟာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားမယ်” ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး “ လက်ပံတောင်းကြေးနီ မိုင်းတူးဖော်ရေး စီမံကိန်းနဲ့ပတ်သက်တဲ့ စာချုပ်တွေက လက်မှတ်ရေးထိုးပြီးသား ဖြစ်နေတယ်။ တဖက်သတ် ဖျက်သိမ်းလိုက်ရင် လျော်ကြေးဆိုတာ ပေးရမယ်။ နိုင်ငံတကာအလယ်မှာ ကိုယ့်နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လာစေချင်ရင် ကိုယ့်ဘက်က ကတိကို တည်အောင် ထိမ်းသိမ်းရမယ်။ ကတိစကားတွေကို အတိအကျ လိုက်နာကြရမယ်။ ဒီလို ကတိကျိုးပေါက်လို့ တိုင်းပြည်အတွက် ဘာတွေ ဖြစ်လာမလဲ စဉ်းစားကြည့်မယ်ဆိုရင် ဒီနိုင်ငံနဲ့စီးပွားရေး လုပ်မရဘူးဆိုတာတွေ တွေးလာကြမယ်။ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေလည်း အချိန်မရွေး ပြန်ရုပ်သိမ်းသွားနိုင်တယ်၊ နောက်ပြီး ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုချင်တဲ့ လူတွေလည်း စိတ်မဝင်စားကြဘဲ ဖြစ်လိမ့်မယ်” ဟု ဆင်ဟွာသတင်းတွင် ပြောထားသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဒေသရှိ ပြည်သူများနှင့် တွေ့ဆုံရန် လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် ဒေသသို့ လာရောက်မည်ဖြစ်သည်ဟု မုံရွာသို့ ရောက်ရှိနေသည့် လက်ပံတောင်းအရေး လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီကို ပြောသည်။
“အန်တီစုက ၂၉ ရက်နေ့မှာ မုံရွာကို လာမှာပါ။ မုံရွာကိုလာပြီးလို့ရှိရင် လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ရှိရင် ဒီကနေ့ ဆင်းရဲဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ဒေါ်စုက အားပေးပြီးတော့ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး စကားပြောမှာပါ” ဟု သူကဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းများသို့ သွားရောက်မည် မဟုတ်ကြောင်းလည်း သူက ဆက်ပြောသည်။
“ဘာကြောင့် သပိတ်စခန်းတွေကို မသွားလည်းဆိုတော့ အခု အန်တီစုက ဒေသခံ ပြည်သူတွေနဲ့ တွေ့မှာဆိုတော့ ဒီသပိတ်စခန်းမှာ ရှိတာတွေကလည်း အားလုံးကတော့ ဒီပြည်သူလူထုတွေပဲဖြစ်တာကြောင့် အတူတူပါပဲ” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းအရေး ဒေသခံများ၊ အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့အကြား တင်းမာမှုများနှင့် ဆန္ဒပြမှုများ ဖြစ်နေသည့်အချိန်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ ကော်မရှင်တရပ် ဖွဲ့စည်း ဖြေရှင်းပေးရန် ကြားဖြတ်အဆိုကိုလည်း တင်သွင်းခဲ့ကြောင်း သူက ဆက်ပြောသည်။
“အချက် ၄ ချက်နဲ့ ပြည်သူတွေ လေးစားယုံကြည်တဲ့သူတွေ ပါဝင်တဲ့ လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့၊ ဒီ ကော်မရှင်ကနေပြီးတော့ ဒီစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့်ကို ပြန်လည် အစီရင်ခံဖို့ရန် အတွက်ပါ။ အကယ်၍ လုပ်မယ်ဆိုလို့ရှိရင်လည်း ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မယ်ဆိုတာတွေကို ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် ချပြဖို့ရာနဲ့ ဒီအချက်တွေကို နိုင်ငံတော်သမ္မတကို ပြည်သူ့ လွှတ်တော်ကနေ တိုက်တွန်းပေးဖို့ အဆိုကို ကျမတင်သွင်းခဲ့တာပါ” ဟု ဒေါ်ခင်စန်းလှိုင်က ဧရာဝတီကို ပြောသည်။
အဆိုတင်သွင်းစဉ် ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က စီမံကိန်းများကို အစိုးရက ကတိကျိုးပေါက်ပြီး ရပ်ဆိုင်းမှုများ လုပ်ခြင်းသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံလိုမှုများအတွက် ယုံကြည်မှု ပျက်စီးကာ တိုင်းပြည်ဘဏ္ဍာ ထိခိုက်နိုင်ကြောင်း တင်ပြခဲ့သည်။
ယခုအခါ ဆန္ဒပြ ဒေသခံပြည်သူများ၊ လုံခြုံရေး တာဝန်ယူနေကြရသူများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ လုပ်ငန်းဆက်လက် လုပ်ကိုင်၍ မရဖြစ်နေသည့် ကုမ္ပဏီမှလူများ အားလုံး ပင်ပန်းနေကြပြီဖြစ်ပြီး ပြဿနာကို ညှိနှိုင်း အဖြေရှာသည့်နည်းဖြင့် သွားရန်အတွက် တိုက်တွန်းမှုများ လုပ်ဆောင်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ဆက်ပြောသည်။
လက်ပံတောင်း ဒေသခံ သပိတ်ခေါင်းဆောင်များထံသို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ကလည်း လာရောက်က တွေ့ဆုံဆွေးနွေးပြီး ပြည်သူများ၏ လိုလားချက်များကို သမ္မတထံ တင်ပြပေးမည်ဟု ပြောဆိုခဲ့သည်။