ရမည်းသင်း မိုးထိ မိုးမိ ရွှေလုပ်သားများသည် ရန်ကုန်မှ နေပြည်တော်သို့ နိုဝင်ဘာ ၈ ရက်နေ့မှ စတင် ချီတက် ဆန္ဒထုတ်ဖော်စဉ် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီမြို့နယ်ခွဲအတွင်းရှိ သီရိမင်္ဂလာတောရ ဘုန်းတော်ကြီး ကျောင်းတိုက် အတွင်း ယနေ့အထိ ပိတ်မိနေကြကြောင်း သတင်းရရှိသည်။
အနီး ပတ်ဝန်းကျင်တွင် လုံခြုံရေး အင်အား တထောင်ခန့် ချထားသည်ဟု ခန့်မှန်းရပြီး ဘုန်းတော်ကြီးကျောင်းနှင့် ရေနီ မြို့ခံများကလည်း ရွှေလုပ်သားများ ၎င်းတို့မြို့မှ ထွက်ခွာပေးရန် မေတ္တာရပ်ခံနေကြောင်း ရွှေလုပ်သား တဦးက ပြောသည်။
“ဘုန်းကြီးကျောင်းကလည်း နှင်နေပြီ အပြင်ကိုလည်း ထွက်လို့ မရဘူး။ ကိုဖိုးဇော် ဆိုတာ အပြင်ထွက်ပြီး ကြက်ဥဝယ်တာကို ဖမ်းသွားတယ်၊ ပြန်မလာဘူး” ဟု ၎င်းက ဆိုသည်။
ပိတ်မိနေသည့် ရွှေလုပ်သား ၇၀ ကျော်ရှိပြီး စားရေး၊ သောက်ရေးအတွက် ရပ်ရွာနှင့် ဘုန်းတော်ကြီးကျောင်းကိုသာ အားကိုးနေရကြောင်း သိရသည်။
“သူတို့ ချီတက်မယ်ဆိုတဲ့ နေပြည်တော်ကလည်း လက်မခံဘူး။ မိုးထိ မိုးမိကို ပြန်ဖို့ကလည်း သူတို့ကို အရေးယူမယ်လို့ စာကပ်ထားတယ်။ ဒီနေရာကနေ ထွက်ဖို့ကလည်း အပြင်မှာ အရပ်ဝတ်တွေရော၊ လုံခြုံရေးတွေရော ရှိနေတော့ မထွက်ရဲကြဘူး။ အနေအထားက ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရဘဲ သူတို့ကိုယ်တိုင်လည်း စိုးရိမ်နေကြပြီ” ဟု ရွှေလုပ်သားများနှင့် အတူရှိနေသည့် အလုပ်သမားရှေ့နေ ဦးဌေးက ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ရေနီစက္ကူစက် အနီးတွင် ရွှေလုပ်သားခေါင်းဆောင် ကိုနေအောင်ထက်၊ ကိုရဲရင့်ထွန်း၊ ကိုစောနိုင်နှင့် ကိုနိုင်ဝင်းတို့ကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသည့် ရွှေလုပ်သား ခေါင်းဆောင် ၄ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကာ နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားဆွဲဆိုထားသည်ဟု သိရကြောင်း ရှေ့နေဦးဌေးက ဆိုသည်။
“ကျနော်တို့ တောင်ပေါ်ကိုလည်း ပြန်လို့ မရဘူး၊ နေပြည်တော်ကိုလည်း ဆက်သွားလို့မရဘူး ဖြစ်နေတယ်။ စားစရာလည်း မရှိဘူး၊ ဝတ်စရာနဲ့ ခြုံစရာ စောင်လည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ ကုမ္ပဏီရဲ့ ကတိမတည်မှုအတွက် ကျနော်တို့ တောင်းဆိုဖို့ လာတာပါ” ဟု ရွှေလုပ်သား တဦးဖြစ်သူ ကိုလှိုင်မျိုးအောင်က ပြောသည်။
ရွှေလုပ်သားများ ပိတ်မိနေခြင်း ကိစ္စနှင့် ပတ်သတ်ပြီး ရေနီမြို့နယ် ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲမှူးက ၎င်းတို့အနေဖြင့် ဖြေဆိုခွင့်မရှိကြောင်း ငြင်းဆန်ခဲ့သည်။
“အပြင်မှာ ကျန်ရစ်တဲ့ အလုပ်သမားတွေလည်း ပိတ်ဆို့ခံရ၊ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေတယ်။ တရားစွဲခံရတဲ့ ၄ ယောက် ကလည်း ရှေ့နေ ငှားလို့မရဘူး၊ ဒေသခံ ရှေ့နေတွေကလည်း မလိုက်ရဲဘူး။ နေပြည်တော်ကို လှမ်း အကြောင်းကြား တော့လည်း လာမယ့်သူမရှိဘူး” ဟု ဦးဌေးက ဆက်ပြောသည်။
၂ဝ၁၁ ခုနှစ် စက်တင်ဘာလတွင် ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသ ရွှေသတ္တု တူးဖော်ခြင်းလုပ်ငန်းကို အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ အုပ်စုက တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခု အတွင်း အလုပ်သမား ၂ သိန်းကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများအား အချိုးကျခွဲယူရန် ကတိရှိခဲ့သော်လည်း ၇ လအကြာ ၂၀၁၁ ဧပြီလတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်ပင်လိုက်သည်။
အသေးစား ရွှေထုတ်လုပ်ခွင့် ပြန်လည် ရရှိရန် ရွှေလုပ်သားများသည် ၂၀၁၁ ခု မေလ ၁ ရက်နေ့က ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ပထမအကြိမ် ချီတက် ဆန္ဒပြခဲ့ရာ လမ်းခုလတ်တွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီက စေ့စပ်ညှိနှိုင်းခဲ့ပြီး ရွှေမြင်တင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ရွှေမြင်တင် စာချုပ် သဘောတူညီချက်တွင် အင်း၊ အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက် များကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ အတွက် နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန် စသည်တို့ ပါဝင်ကြောင်းသိရသည်။ ရွှေမြင်တင် စာချုပ်ပါ အချက်အလက်များကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက လိုက်နာခြင်း မရှိသဖြင့် ရန်ကုန်ရှိ ကုမ္ပဏီရုံးချုပ်နှင့် နေပြည်တော်သို့ ချီတက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုတွင် ဝေလင်းထိုက်၊ အာရှအမြုတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအစ်ကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K.၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် ကုမ္ပဏီများ ပါဝင်သည်။