ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာများ ဥပဒေပြဌာန်ထားသည့်အတိုင်း တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိစေရေးအတွက် အလုပ်သမားကူညီရေး အဖွဲ့များက တိုက်တွန်းသည့်အတိုင်း မြန်မာ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ထိုင်းအာဏာ ပိုင်များကို ပြောဆိုထားကြောင်း သတင်းရရှိသည်။
ဒု ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ်များ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ပြီး တိုက်တွန်းခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
“သံတမန် ဆက်ဆံရေးအရ အစိုးရအချင်းချင်း မျက်နှာမပျက်အောင်၊ အဓိက သူတို့ ချမှတ်ထားတဲ့ ဥပဒေကို သူတို့ ထိုင်းအစိုးရအနေနဲ့ လေးစားလိုက်နာအောင်၊ နောက်ပြီးတော့ လုပ်ငန်းရှင်တွေကို ဖိအားပေးနိုင်အောင် အဲဒါတွေကို ပြောခိုင်းလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ယင်း အလုပ်သမားအရေးနှင့် ပတ်သက်၍ မြန်မာအလုပ်သမား ဝန်ကြီးဌာန ကိုယ်စားလှယ်များ အနေနှင့် GHRE အဖွဲ့ အပါအဝင် ချင်းမိုင်အခြေစိုက် Map ဖောင်ဒေးရှင်းအဖွဲ့၊ ဘန်ကောက်မြို့ရှိ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတချို့တို့ ကို ဖိတ်ကြား၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အခြေခံ အလုပ်သမားတဦး၏ အနည်းဆုံး တနေ့လုပ်အားခအဖြစ် လာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ထိုင်းဘတ်ငွေ ၃၀၀ ပေးရန် မကြာသေးခင်ရက်ပိုင်းက ထိုင်းအစိုးရက အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုင်း အခြေခံဥပဒေနှင့် နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များသည် ထိုင်းနိုင်ငံသားများသာမက ထိုင်းတွင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအတွင်းရှိ ၆ မြို့နယ်ကို ဘတ်ငွေ ၃၀၀ ပေးရန် ထိုင်းအစိုးရက အတည်ပြုပေးခဲ့ရာ တချို့ပြည်နယ်တွင် မြန်မာပြည်သားများ အကျိုးခံစားခွင့် မရကြကြောင်း ဦးထူးချစ်က ရှင်းပြသည်။
“မြန်မာ အလုပ်သမားတွေ ကိုယ်တိုင်ကလည်း အဲဒါတွေကို သိပြီးတော့ သူတို့ ပေးသလောက်နဲ့ မလုပ်ဖို့တော့ လိုတယ်၊ မြန်မာ အလုပ်သမားတွေ ၃၀၀ မရရင် မလုပ်ဘူးဆိုတဲ့အကြောင်း သူတို့ ၃၀၀ မရမချင်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို အကြောင်းကြားသင့်တယ်၊ မြန်မာ အစိုးရတွေအနေနဲ့လည်း ထိထိရောက်ရောက် ထိုင်းအစိုးရကို ဖိအားပေး ဆွေးနွေးသင့်တယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။
အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒု ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမားများအတွက် ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများကို ထိုင်းနိုင်ငံသားများနည်းတူ တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ ပေးရေး၊ ထိုင်းနိုင်ငံအတွင်း မွေးဖွားသည့် ကလေးများကို မွေးစာရင်း ထုတ်ပေးရေးနှင့် ပညာသင်ခွင့်ရရှိရေး စသည့်တို့ကို ဒု ဝန်ကြီး ဦးမြင့်သိန်းက ထိုင်းအစိုးရအား တိုက်တွန်းကြောင်း ထိုင်း TNA သတင်းဌာန အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ရေးသားထားသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှ အကြီးအကဲတဦးက “မြန်မာ အစိုးရအနေနဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ လာပြီးတော့ တရားဝင် အလုပ်လာလုပ်ဖို့ ပြောပါ။ တရားဝင် လာလုပ်တဲ့ အလုပ်သမားတွေ အနေနဲ့ဆိုရင် ဘတ်ငွေ ၃၀၀ ရမယ်” ဟု ပြောကြောင်း ၎င်းသတင်း၌ ဖော်ပြထားသည်။
ဦးထူးချစ်၏ ပြောပြချက်အရ နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးရာတွင် တစုံတရာ တိတိကျကျ သဘောတူညီမှု မရသေးကြောင်း၊ ထပ်မံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည့် အရေးယူမှုတရပ်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း စတင်ပြုလုပ်မည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားသည်။
ထိုင်း အစိုးရအနေဖြင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ်မှတ်ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူသွားမည်ဟု သိရသည်။
ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ၆ လ သက်တမ်းတိုးရန် ထိုင်းအစိုးရက ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။