မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ Data Rate ဖြင့် ပြောင်းလဲကောက်ခံသွားမည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ်သည် ဖုန်းအင်တာနက်အသုံးပြုသူများ အတွက် အဆင်မပြေနိုင်ကြောင်း သုံးစွဲသူများက ဆိုသည်။
တလလျှင် လစဉ်ကြေး ၁၅၀၀ ကျပ်နှင့် ၁၀၀ ကီလိုဘိုက်လျှင် ၂ ကျပ် နှုန်းဖြင့် အကန့်အသတ်မရှိ သုံးနိုင်ရန်၊ 1 GBလျှင် ၇၀၀၀ ကျပ်ဖြင့် သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မိမိအသုံးပြုသည့် Data Rate အလိုက် ကောက်ခံမည် ဟု မြန်မာ့ ဆက်သွယ်ရေးက ကြေညာထားသည်။
မြန်မာနိုင်ငံ၏ နှေးကွေးနေဆဲ အင်တာနက်မြန်နှုန်းဖြင့် Data Rate အရ ကောက်ခံပါက လက်ရှိ ကောက်ခံသည့်နှုန်းထက် များစွာပိုမိုကျသင့်နိုင်ပြီး သုံးစွဲရ အဆင်မပြေနိုင်သဖြင့် ပြောင်းလဲမည့် အစီအစဉ်ကို ကန့်ကွက်လိုကြခြင်း ဖြစ်ကြောင်း သုံးစွဲသူများက ပြော ဆိုကြသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်ကမူ“အရင်က ဒေါင်းလုတ်ဒ် ဆွဲချင်သလောက် ဆွဲလို့ရတယ်။ ပိုက်ဆံသိပ်မကုန်တော့ လိုင်းဆွဲများပြီး အင်တာနက်လိုင်းညံ့တယ် ဖြစ်လာတယ်။ ဒီလိုလူတွေကတော့ ကန့်ကွက်ကြမှာပဲလေ။ အခုတော့ ဒေါင်းလုတ်ဒ် လုပ်ချင်သလောက်လုပ်၊ ပိုက်ဆံပေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းအားမှာ မကြာခဏပြတ်တောက်မှုများ ရှိနေသည့်အတွက် Data Rate ဖြင့်သာကောက်ခံပါက သုံးစွဲသူများ အတွက် ကုန်ကျစရိတ်များပြားကာ အဆင်မပြေနိုင်သောကြောင့် အခြားနိုင်ငံများနည်းတူ အင်တာနက်လိုင်းအား ကောင်းမွန်မှသာ ပုံစံသစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်မှာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပုံမှန် အင်တာနက်သုံးစွဲလေ့ရှိသူ တဦးဖြစ်သည့် ကိုညီညီထွန်းက ပြောသည်။
“အင်တာနက်မြန်နှုန်းက တက်လိုက်ကျလိုက် ဖြစ်နေတာ။ ဒီလိုနှုန်းထားနဲ့ ဒေါင်းလုတ်ဒ်ဆွဲသုံးစွဲမှုအပေါ်မူတည်ပြီး သုံးစွဲခကောက် ခံ မယ် ဆိုရင် ပေးရမယ်ဆိုရင် လက်ရှိပေးနေရတဲ့ငွေထက် အများကြီး ပိုကုန်မှာပဲ။ ဆက်သွယ်ရေးအနေနဲ့ အင်တာနက်လိုင်း ကောင်းအောင် အရင်လုပ်သင့်တယ်”ဟု ၎င်းက ဆိုသည်။
ဖုန်းအင်တာနက် အသုံးပြုသူတဦးဖြစ်သူ ကိုသိန်းစိုးထိုက်ကလည်း“ကျနော်ဆို အလုပ်နားချိန်နဲ့ ညဘက်မှာ ပုံမှန် ဖုန်းနဲ့ အင်တာ နက် သုံးဖြစ်တယ်။ သုံးရတဲ့အချိန်က လူသုံးများတဲ့အချိန်ဖြစ်တော့ လိုင်းအားက ကျပ်တယ်။ ဝက်ဘ်ဆိုက်တွေဆို တော်တော်နဲ့ဖွင့် လို့ မရဘူး။ ဒီလို လိုင်းနဲ့ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ် ပေးရမယ်ဆိုတာတော့ အဆင်မပြေဘူး”ဟု ပြောဆိုသည်။
လက်ရှိတွင် အင်တာနက်သုံးစွဲခများမှာ စတင် လိုင်းလျှောက်ထားစဉ်က ၁၅၀၀၀ ကျပ်နှင့် တမိနစ်အသုံးပြုခအတွက် ဂျီအက်စ် အမ်ဖုန်းသည် ၂ ကျပ်နှင့် စီဒီအမ်အေဖုန်းများသည် ၄ ကျပ် ပေးဆောင်ရသည့် အတွက် နေ့စဉ် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်ကြား သာ ကုန်ကျနိုင်သော်လည်း Data Rate ဖြင့်သာ ပြောင်းလဲမည်ဆိုပါက နေ့စဉ်အသုံးပြုခသည် ၁၀၀၀ ကျပ် ခန့် ပျမ်းမျှကုန်ကျနိုင် ကြောင်း သိရသည်။
ဖုန်းအင်တာနက် အသုံးပြုခများကို Data Rate ဖြင့်ကောက်ခံမည် ဆိုသော်လည်း အင်တာနက် လိုင်းမြန်နှုန်းကို ပိုမိုကောင်း မွန် ရန်ကိုမူ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လတ်တလောအချိန်တွင် ခက်ခဲမှုရှိနေနိုင်သေးကြောင်း၊ ထို့ကြောင့် လတ် တလောတွင် ဖုန်းအင်တာနက် လာရောက် လျှောက်ထားသူများကို ၁၀၀ ကီလိုဘိုက် ဖြင့်သာပေးသွားမည်ဟု ဦးစိုးအောင်က ပြော သည်။
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲလိုသူများ အနေဖြင့် ရန်ကုန်မြို့တွင် အလုံ၊ ရွှေဂုံတိုင်နှင့် ပန်းဆိုးတန်းတို့ရှိ မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် လျှောက်ထားရမည် ဖြစ်ပြီး နယ်မြို့များမှလျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြို့နယ် ဆက်သွယ်ရေး မန်နေဂျာ ရုံးခန်းတွင် လျှောက်ထားရမည် ဖြစ်ကြေင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။