နိုင်ငံတော်သမ္မတက လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို လက်မှတ်ထိုးရန် သဘောမတူသော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်ကြောင်း ယမန်နေ့နှင့် ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ထိုဥပဒေ ၂ ခု အား ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်၍ သမ္မတက လက်မှတ်ထိုး အတည်ပြုပေးရန် ပေးပို့ခဲ့သော်လည်း ၇ ရက်အတွင်း လက်မှတ်ထိုးပေးမှု မရှိသည့်တိုင် ဖွဲ့စည်းပုံအရ အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။
“သမ္မတက လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တရားဝင်ကြေညာ လိုက်ရင် ဒီဥပဒေက အတည်ပြုပြီးသား ဖြစ်သွားပါပြီ။ ဒါက ဖွဲ့စည်းပုံဥပဒေအတိုင်း ဆောင်ရွက်တာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ရှေ့နေတဦးလည်းဖြစ်သူ ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးသည့် ဥပဒေတရပ်ရပ်ကို နိုင်ငံတော်သမ္မတ အနေဖြင့် သဘောမတူပါက သဘောထားမှတ် ချက်ပေးနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၀၆ တွင် ဖော်ပြထားသည်။ ထို့အတူ လွှတ်တော်က အတည်ပြုပြီး ဥပဒေတရပ်ရပ်ကို သမ္မတက ၇ ရက်အတွင်း လက်မှတ်ထိုး အတည်ပြုပေးခြင်း မရှိသည့်တိုင် ထိုဥပဒေအား အတည်ပြုပြီးဟု မှတ်ယူရမည်ဖြစ်ကြောင်း ပုဒ်မ ၁၀၇ တွင် ပြဌာန်းထားသည်။
ထိုဥပဒေ နှစ် ၂ ခုအား သမ္မတသည် လက်မှတ်မထိုးဘဲ အချက် ၁၀ ချက်ကို ပြင်ဆင်ပေးသင့်သည်ဟုသာ သဘောထား မှတ်ချက်ဖြင့် ပြည်ထောင်စု လွှတ်တော် နာယကထံ နှစ်ကြိမ်တိုင် သဝဏ်လွှာ ပေးပို့ခဲ့သည်။ သမ္မတ၏ သဝဏ်လွှာ၌ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ရေးရာကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ထားခြင်းကို ပြန်လည် စဉ်းစားသင့်ကြောင်း မှတ်ချက်ပြုပေးထားသည်။
ပြည်ထောင်စုအဆင့်ကိစ္စကို သမ္မတနှင့် အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့က သဘောမတူသည့်အတွက် ၎င်းတို့နှင့် လွှတ်တော်အကြား ကြီးမားသည့် ပြဿနာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ကာ ခုံရုံးအဖွဲ့တခုလုံး နုတ်ထွက်ခဲ့ရသေးသည်။
သမ္မတ၏ သဘောထားမှတ်ချက် ၁၀ ချက်အနက် ၂ ချက်ကိုသာ ပြည်ထောင်စုလွှတ်တော်က လိုက်လျောပေးခဲ့ပြီး၊ ၈ ချက်ကို ပယ်ချကြောင်း သိရသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အထူးခံစားခွင့်နဲ့ ဧည့်သည်ခေါ်ယူမှု ကန့်သတ်ထားတဲ့ အချက် ၂ ချက်ပဲ လွှတ်တော်က လိုက်လျောပေးပြီး ၈ ချက်ကိုတော့ ပယ်ချတယ်။ သမ္မတရဲ့ သဘောထား မှတ်ချက်ကလည်းပဲ လက်မှတ်မထိုးနိုင်ဘူး ဆိုတာကို သွယ်ဝိုက်ပြီး ပြောလိုက်တဲ့သဘောပါ၊ ဒါက သမ္မတရဲ့ လုပ်ပိုင်ခွင့်ပါ” ဟု ဥပဒေကြမ်းကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
သမ္မတနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှုသည် ဒီမိုကရေစီ သဘောတရား၏ အနှစ်သာရပင် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ဖွဲ့စည်းပုံ ဥပဒေအတိုင်း မိမိတို့ လုပ်ပိုင်ခွင့်ကို ဒီမိုကရေစီ နည်းလမ်းအရ ကျင့်သုံးခြင်းဟု ကိုယ်စား လှယ်များက ဆိုသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတို့အား ပြည်ထောင်စု လွှတ်တာ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ အရ ဤဥပဒေတို့အား ပြဌာန်းလိုက်ကြောင်း သတင်းစာမှတဆင့် ကြေညာချက်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုဥပဒေများအား အတည်ပြုပြီး ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအရေး ကိစ္စဖြေရှင်းရာတွင် ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ ပြည်ထောင်စုအဆင့်ကိစ္စကို အစိုးရအဖွဲ့အနေဖြင့် မလိုလားကြောင်း၊ ၎င်းတို့၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ လွှတ်တော်က ပါဝင်စွက်ဖက်လာမည်ကို နှစ်သက်မှု မရှိဟုလည်း ဦးဖုန်းမြင့်အောင်က ဝေဖန်သည်။
“အစိုးရအဖွဲ့က တချက်လွှတ်အမိန့်နဲ့ပဲ လုပ်ခဲ့ကြတာတွေက ခေါက်ရိုးကျိုးနေတော့ အရင်လိုပဲ ဆက်သွားချင်ပုံရတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို လွှတ်တော်က ထိန်းညှိမှာကို လုံး၀ မလိုလားဘူးဖြစ်နေတယ်” ဟု ၎င်း က ဆိုသည်။
အစိုးရအဖွဲ့သည် နိုင်ငံအား အုပ်ချုပ်ရေး ကဏ္ဍတခုတည်းဖြင့် သွားလိုပြီး ဥပဒေပြုရေး ကဏ္ဍနှင့် ယှဉ်တွဲသွားလိုပုံ မရကြောင်း ကိုယ်စားလှယ်များက ပြောသည်။ လွှတ်တော်၏ ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် မရှိပါက ဌာနဆိုင်ရာ ကိစ္စတခုခုကို ဖြေရှင်းရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးများကို ဆင့်ခေါ်ပိုင်ခွင့် မရှိပေ။
နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ၁၀ ချက်တွင် ပြည်ထောင်စုအဆင့် ကိစ္စ၊ လွှတ်တော်သို့ ဧည့်သည်ခေါ်ယူရာတွင် တက်ရောက်သင့်သူ ၃ ဦးသာ ခေါ်ယူရန် ကန့်သတ်ထားမှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အထူးခံစားခွင့်၊ ကိုယ်စားလှယ်များ အတွက် ရုံးခန်းဖွင့်လှစ်ရေး ကိစ္စ၊ တားမြစ်ထားသည့် စာရွက်စာတမ်းများနှင့် အချက်အလက် ရယူခြင်း ဆိုင်ရာ ကိစ္စရပ်များ စသည်တို့ ပါဝင်သည်။