မုံရွာ လက်ပံတောင်းတောင် ပတ်ချာလည်က သပိတ်စခန်း ၆ ခုကို ရဲတွေက ဒီမနက် ၃ နာရီလောက်မှာ ဝင်စီးတယ်။ သပိတ်စခန်းတခုကို ကြေးနီ တူးဖော်ရာမှာ သုံးတဲ့ မီးသတ်ကား တစီးစီ ဦးတည်လာတယ်။ လူစု ခွဲရင်ခွဲ မခွဲရင် အင်အားသုံးပြီး နှိမ်နင်းရတော့မယ်လို့ စပီကာတွေနဲ့ အော်တယ်။ စခန်းတွေမှာ အိပ်နေတဲ့ လူတွေက မဖယ်ပေးဘဲ ဆက်ထိုင်နေတဲ့ အတွက် မီးသတ် ပိုက်တွေနဲ့ ထိုးတယ်။ လူတွေကမထဘဲ ငြိမ်နေတော့ မီးလောင်ဗုံးတွေနဲ့ စပစ်တော့တယ်။
သပိတ်စခန်းထဲက သံဃာတော်တပါးက “လက်ခလယ်လောက်ရှိတဲ့ ဖန်ပုလင်းလေးတွေ ပစ်သွင်းလိုက်တာ၊ အဲဒါတွေကနေ မီးပန်းတွေ ထွက်လာတယ်၊ အသားကိုထိရင် အသားလောင်တယ်၊ သင်္ကန်းကိုထိရင် သင်္ကန်းလောင်တယ်၊ မီးလောင်ဒဏ်ရာ ရတဲ့လူတွေ သိပ်များနေတယ်။ မန္တလေးက ဆရာတော်တပါးဆိုရင် တကိုယ်လုံး မီးလောင်သွားလို့ မန္တလေးကို ပြန်ပို့လိုက်ရတယ်” လို့ ပြောတယ်။
မနက် ၆ နာရီ လောက်အထိကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ လူပေါင်း ၁၅ ယောက် ရှိတယ်။ အခုချိန်ထိဆိုရင် ၃၀ လောက် ရှိနေပြီ။ ဖောင်ကား အလယ်ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အမျိုးသား သူနာပြု ကိုနောင်နောင်က ဒဏ်ရာ သိပ်မပြင်းထန်တဲ့ လူတွေကို ကုပေးနေတာ လူ ၇၀ ကျော်ရှိနေပြီ။
ဆေးရုံပို့ရမယ့် လူနာတွေကို မုံရွာ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့တွေက မုဒိတာ၊ သင်္ဂဟ၊ ကရုဏာမြင့်မိုရ်၊ ဆားလင်းကြီး၊ ကရုဏာရှင်၊ ဇီဝသုခ စတဲ့ နာရေးကူညီမှုအသင်းက ကားတွေနဲ့ လာသယ်နေကြတယ်။ သပိတ်စခန်းတွေမှာ ရှိနေတဲ့ အများစုက သံဃာတွေဖြစ်လို့ ဒဏ်ရာရသူတွေကလည်း သံဃာတော်တွေ များနေတယ်။ မုံရွာ ပြည်သူ့ဆေးရုံကြီးရဲ့ ရဟန်းဆောင်မှာက မီးလောင်ဒဏ်ရာရတဲ့ သံဃာတွေကို နေရာလွတ်တွေရှိနေလျက်နဲ့ လက်မခံတော့ဘဲ ကလေး ကုသဆောင်မှာ ထားတယ်။
ဒဏ်ရာပြင်းထန်လို့ မန္တလေးကို ပြန်ပို့လိုက်ရတဲ့ ပုလဲမြို့နယ်သား ရဟန်းတော် ဥူးသိက္ခာဉာဏ ကတော့ ပျံလွန်တော်မူသွားတယ်လို့ နာရေးကူညီမှုအသင်းတွေက ပြောနေကြပေမယ့် ဧရာဝတီက အတည်ပြုချက် မရနိုင်သေးပါဘူး။
မနေ့ညက သပိတ်ကို အားပေးတဲ့ မုံရွာ မြို့ပေါ်ကလူတွေက စခန်းတွေမှာ ည ၂ နာရီလောက် အထိကို လာရောက်စောင့်ကြည့် ပေးခဲ့ကြတယ်။ သူတို့ပြန်သွားပြီးနောက် မနက် ၃ နာရီ လောက်မှာ ဝင်စီးခံရတာပါ။
ဝမ်ပေါင် ကုမ္ပဏီရှေ့က သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ကိုမြင့်ဦးက“ကျနော်တို့မှာ လက်နက်ဆိုလို့ ဘောလ်ပင်လေးတွေပဲ ပါတာပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း ဒီလိုမျိုး လုပ်ရက်တာကို အရမ်းရင်နာတယ်ဗျာ” လို့ ငိုသံနဲ့ ပြောနေတယ်။
အခုအချိန်မှာ ဝမ်ပေါင် ကုမ္ပဏီရှိတဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ရဲတွေက ပိတ်ဆို့ ထားလိုက်ပြီ။ တာဝန်ကျ ရဲမှူးကတော့ မုံရွာခရိုင် ရဲမှူး ဦးတင်ဝင်း ဖြစ်တယ်။
ပုလဲ မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝမ်ပေါင်ကုမ္ပဏီက ဝာာဝန်ရှိသူတွေနဲ့ သပိတ် ခေါင်းဆောင်တွေကို ညှိနှိုင်းပေးဖို့ ပြောဆိုနေပေမယ့် ကုမ္ပဏီဘက်က အထဲကို ဝင်ခွင့်မပြုခဲ့လို့ လွှတ်တော် ကိုယ်စားလှယ်လည်း ဝင်ပေါက် အပြင်မှာရပ်နေရတယ်။
ရန်ကုန်က ဦးနေမျိုးဇင်နဲ့ အဖွဲ့ကလည်း မနေ့ညက ဖျက်ဆီး ခံထားရတဲ့ သပိတ်စခန်းတွေနဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတွေဆီကို အကူအညီပေးဖို့ သွားနေတယ်။
အခု ပြဿနာဖြစ်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီရှေ့ကို မုံရွာမြို့နဲ့ အခြားမြို့တွေကနေ လာရောက်ကြတဲ့ လူတွေလည်း ရာနဲ့ချီ ရောက်နေတယ်။
ဒီနေ့မှာ ကြိုတင် သတင်း ထုတ်ပြန်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်စုကြည်ဟာ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ လက်ပံတောင်းကို လာနေပါတယ်။ တွေ့ဆုံမယ့် နေရာကတော့ ဝမ်ပေါင်ကုမ္ပဏီနဲ့ နီးနီးလေးမှာပါ။ စင်မြင့် တခုဆောက်ထားပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တွေက လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။
လက်ပံတောင်း တောင်ပတ်ချာလည်မှာရှိတဲ့ သပိတ်စခန်း ၆ခုလုံးပျက်သွားပါပြီ။ နောက် မနက်က မီးလောင်ခံရတဲ့ နေရာအပျက်စီးတွေကိုလဲ အစအနတစ်ခုမှမကျန်အောင် သိမ်းဆည်းထားလိုက်လို့ ညက ဒီအဖြစ်အပျက်ဖြစ်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရတော့ပါဘူး။
မနက်က ဘုန်းကြီးကျောင်းတကျောင်းကို ဝင်ဖမ်းလို့ ထွက်ပြေးနေရတဲ့ လူ ၁၀၀ လောက်ပဲ ဖောင်းကားအလယ်ရွာမှာ ပုန်းခိုနေကြတယ်။
သပိတ်စခန်း ၆ ခုပေါင်းမှာဆိုရင် ဘုန်းကြီးအပါး ၃၀၀နဲ့ ၄၀၀ကြားရှိတယ်လို့ သိရပါတယ်။ ရွာခံလူတွေက ၇၀ လောက်ပဲ ရှိပါတယ်။ အခုဆိုရင် မုံရွာမြို့ပေါ်က သံဃာတွေနဲ့ အနီးအနားရွာတွေက သံဃာတွေက ပြန်ကုန်ကြတယ်။ ကျန်နေခဲ့တဲ့ သံဃာတွေကတော့ မန္တလေး၊ ပခုက္ကူ စတဲ့ စခန်းနဲ့ ဝေးတဲ့နေရာတွေကပါ။
“ဒေါ်အောင်ဆန်းစုကြည်၊ မုံရွာက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီက လူတွေအားလုံး ညှိနှိုင်းပြီးလို့ ထွက်လာတဲ့ရလဒ်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင့်ကျော့မှူးက ပြောတယ်လို့ မုံရွာမှာရောက်နေတဲ့ ဧရာဝတီ သတင်းထောက်က ပေးပို့ပါတယ်။
(မုံရွာမှ ဧရာဝတီ သတင်းထောက် လဖိုင်နှင့် ရန်ကုန်မှ ကြယ်ပြာ ပူးပေါင်း ရေးသားသည်။)