လက်ပံတောင်းတောင် အရေးကိစ္စကို ကော်မရှင်အမြန်ဆုံးဖွဲ့ပြီး အများအကျိုး ဖြစ်မဖြစ် သေချာစွာ ပြန်စစ်ဆေးသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၃၀ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ယင်းကော်မရှင်တွင် လက်ပံတောင်းတောင် ဒေသခံများ၊ ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ အာဏာပိုင်များနှင့် ပညာရှင်များ ပါဝင်အောင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျမအနေနဲ့ ဦးပိုင်ကုမ္ပဏီနဲ့လည်း တွေ့ပြီးပါပြီ။ ကုမ္ပဏီဘက်ကလည်း ဒေသခံတွေရဲ့ အကျိုးရလဒ်ကို အလေးထားပြီး လုပ်ဆောင်ဖို့ ဆန္ဒလည်း ရှိနေပါတယ်။ ရေရှည်နိုင်ငံ့ရဲ့ အကျိုးကို ဘယ်လို ဖော်ဆောင်မလဲဆိုတာလည်း အဓိက ကျပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ က လုပ်ခဲ့တဲ့ စီမံကိန်းမှာ ပြည်သူတွေရဲ့ ထောက်ခံချက်မပါဘဲ လုပ်ခဲ့တဲ့အတွက် ခုလို ပြသနာတွေ ဖြစ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိပြီး ယင်းနေ့မှာပင် လက်ပံတောင်းတောင်တွင် အခြေစိုက်နေသော ဝမ်ပေါင်ကုမ္ပဏီသို့ သွားရောက်ကာ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ည ၆ နာရီတွင် လက်ပံတောင်းတောင် စီမံကိန်းတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သေးသည်။ ယင်းဟောပြောပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဒေသခံ သောင်းနှင့်ချီကာလာရောက်နားထောင်ခဲ့သည်။
ယင်းနောက် ည ၇ နာရီခွဲတွင် လက်ပံတောင်းတောင် ဒေသခံများကို သူတည်းခိုနေသည့် မုံရွာမြို့ ဝင်းယူနတီ ဟိုတယ်တွင် တွေ့ဆုံကာ ဒေသခံများ၏ ပြောကြားချက်များကို နားထောင်ခဲ့သည်။
“ကျမတို့ ဒဏ်ရာရရှိခဲ့ပုံတွေကို အမေစု ပြောပြတော့ သူကျမကိုဖက်ပြီး မျက်ရည်တွေ ဝဲနေတာကို တွေ့ခဲ့ရပါတယ်။ တော်တော်စိတ်မကောင်း ဖြစ်နေတဲ့အနေထားပါ” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မဖြူဖြူဝင်းက ပြောသည်။
ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့နံနက် ၈ နာရီခွဲတွင် မုံရွာမြို့ ဇက်ဆိပ် သဲသောင်ပြင်တွင် တနာရီကျော်ကြာ မိန့်ခွန်းပြောခဲ့သေးသည်။
ယင်းမိန့်ခွန်းတွင် ကျမအနေနဲ့ အဆင်ပြေပြေ သိက္ခာရှိရှိနှင့် ဒီပြသနာကို ဖြေရှင်းချင်တယ်။ ဒီပြသနာကို ဖြေရှင်းတဲ့အခါမှာ ကျမတို့ ဒေသခံတွေရဲ့ ရေရှည်အကျိုးကို အခြေခံပြီး ကျမဖြေရှင်းပါ့မယ်။ ကျမအတွက် ပြည်သူတွေရဲ့ အားလိုပါတယ်။ ကျမအနေနဲ့ အကောင်းဆုံးဖြစ်အောင် အဖြေရှာ လုပ်ဆောင်ပြီး ကျမရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေကို ချပြသွားမှာပါ။ ဘာကြောင့် ဒီလို ဆုံးဖြတ်တယ်ဆိုတာကိုလည်း ကျမအနေနဲ့ ပြည်သူသိအောင် ပြောကြားသွားမှာပါ။ ပြည်သူမပါဘဲ လုပ်ဆောင်တဲ့ ဘယ်စီမံကိန်းမှ မအောင်မြင်နိုင်ဘူးဆိုတာ ဒီပြသနာက သက်သေပါပဲ” ဟု ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရန်အတွက် ရက်ရှည်လများ လုပ်ဆောင်သပိတ်စခန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့စတင်ပြီး ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပိတ်သိမ်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်စေ့စပ်မှုကြောင့် သပိတ်မှောက်နေသော သပိတ်စခန်းများကို ဆက်လုက် မလုပ်ဆောင်တော့ကြောင်း ဝက်မှေးကျေးရွာမှ မဖြူဖြူဝင်းက ပြောသည်။
“ကျမ အန်တီနဲ့လည်း တွေ့ပြီးပါပြီ။ အန်တီဆီက အားရကျေနပ်စရာကောင်းတဲ့ အဖြေတွေကိုလည်း ကြားပြီးပါပြီ။ အဲဒါကြောင့် ခုကျမတို့ လုပ်ဆောင်နေတဲ့ သပိတ်စခန်းကို ဆက်လက် မလုပ်ဆောင်တော့ပါဘူး။ ဒါပေမယ့် တခြားနည်းတွေနဲ့တော့ ဒီအရေးကို ဆောင်ရွက်နေဦးမှာပါ” ဟု ၎င်းက ပြောသည်။
“ကျမတို့နိုင်ငံ တိုးတက်ဖို့အတွက် အာဃာတတို့ အမုန်းတရားတွေကို ရင်ထဲမှာ မထားစေချင်ဘူး။ ပြသနာတခုဖြစ်သွားပြီဆိုရင် အဲဒီပြသနာကို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းရမယ်။ ကျမ ဒီဒေသခံတွေကို တော်တော် အားရပါတယ်။ သူတို့လုပ်တာ သူတို့နယ်မြေဒေသကို သူတို့ကာကွယ်တာသာ ဖြစ်ပါတယ်။ ကျမတွေ့ဆုံ စကားပြောတဲ့အခါမှာ သူတို့မှာ ဘာအညှိုးအာဃာတမှ မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသေးသည်။
“နောက်ပြီး တရုတ်နိုင်ငံဆိုတာ ကျမတို့ ကျေးဇူးရှင်အနေနဲ့ ရပ်တည်တာမျိုးတွေ ကျမလက်မခံပါဘူး။ သူဟာ ကျမတို့ ကျေးဇူးရှင် မဟုတ်ပါဘူး။ အိမ်နီးချင်းပါ။ အိမ်နီးချင်းကောင်း ပီသဖို့ပဲ လိုပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သေးသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့သည့် သပိတ်စခန်းကို မီးကျည်ဗုံးများ ပစ်ပေါက်မှုတွင် ထိုကဲ့သို့ အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို ရဲအရာရှိများကလည်း သေချာစုံစမ်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်တွင် ရဲမှူးတဦးက ပြောကြားခဲ့သည်ဟု သိရသည်။
ယင်း ပစ်ပေါက်မှုကြောင့် ဒေသခံများ ဒဏ်ရာများနှင့် ထိခိုက်မှုများ ရှိခဲ့သည်။ လက်ရှိ မုံရွာဆေးရုံတွင် ရဟန်းသံဃာ ၂၇ ပါး ဆေးရုံတက်နေရပြီး ၂ ပါးမှာ ပြင်းထန်သည့်ဒဏ်ရာများနှင့် ဆေးကုသမှု ခံနေရသည်။ ယင်းနှစ်ပါးတွင် ပခုက္ကူမြို့ မန္တလေး အလယ်တိုက် ကျောင်းတွင် သီတင်းသုံးနေသည့် ဦးစန္ဒောဘာသမှာ ဘယ်ဘက်မျက်လုံး ဖောက်ထုတ်ရမည် ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသည့် ဆရာဝန်တဦးက ဖုန်းနှင့် ပြောကြားခဲ့သည်။
အခြေနေဆိုးသည့် ရဟန်းတပါးကိုလည်း မန္တလေးပြည်သူဆေးရုံသို့ အမြန်ဆုံးပို့ ခွဲစိတ်မှု ခံယူနေကြောင်း သိရသည်။
မုံရွာဆေးရုံသို့ သီတဂူဆရာတော်မှ လာရောက်ပြီး ဒဏ်ရာရရှိနေသော လူနာများအတွက် ငွေကျပ် ၂၅ သိန်း လှူဒါန်းခဲ့သည်။ ထို့အပြင် ဆရာတော်မှ ယခု မြင်ကွင်းမျာ ကြည့်ရသည်မှာ ဆိုးရွားလှကြောင်း၊ ရေနှင့် ပက်သော်လည်း ပက်သည့် ရေမှာ ငရဲရေသာ ဖြစ်ကြောင်း ဆေးရုံတက်သည့် သံဃာတော်များကို တရားဓမ္မနှင့် နှစ်သိမ့်အားပေးခဲ့သည်။
ရန်ကုန် နာမှုကူညီရေးအသင်းမှ ဦးကျော်သူလည်း နေ့လည် ၂ နာရီကျော်တွင် ယင်းဆေးရုံသို့ ရောက်လာကာ ဆရာတော် သံဃာတော်များကို တပါးလျှင် ငွေကျပ် ၃ သောင်းဆီ လှူဒါန်းခဲ့သည်။
“ဆေးရုံက ဆေးဝါးတွေ လုံလောက်တယ်ပြောလို့ ဝတ္ထုငွေပဲ လှူခဲ့တာယ်။ မြင်ကွင်းကတော့ တော်တော်ဆိုးပါတယ်။ မျက်လုံးထိထားတဲ့ ကိုယ်တော် တပါးဆိုရင် မျက်လုံးဖောက်ထုတ်ရမယ့် အနေထားပါ။ ဒဏ်ရာတွေကလည်း အသားတွေကို လှိုက်စားနေတယ်။ ဆေးပညာနားလည်တဲ့ ကျနော့် မိတ်ဆွေတဦး အပြောအရတော့ ဒီလို Chemical ကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကို ကုသတဲ့ဆေး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ပြောတယ်။ သူကပဲ နိုင်ငံခြားကနေ အဲဒီလို ကုသနိုင်တဲ့ ဆေးတွေကို ပို့ပေးမယ်လို့ ပြောပါတယ်။ ကျနော့်ဆီ ရောက်ရင် ဆေးရုံကို ထပ်ပြီး ပေးပို့လှူဒါန်းသွားမှာပါ” ဟု ဦးကျော်သူက ဧရာဝတီကို ပြောခဲ့သည်။
လက်ရှိ ဒဏ်ရာရရှိသည့် လူနာများကို ရောဂါများ ဆက်လက် တိုးပွားမှု မဖြစ်ပေါ်စေရန် ဆေးရုံမှ အထူးဂရုစိုက် ကုသမှု ပေးနေပြီး တချို့ဒဏ်ရာရရှိသည့် လူနာများမှာ ဆေးရုံက ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် သာအေး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသည့် အောင်လက်မှတ် ကပ်လှူသည့် ပွဲတွင် သံဃာတော်များကို ဆွမ်းကပ်ခွင့်မပေးဘဲ သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့ ဇောတိကရွာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာ အပါး ၁၂၀၀ ကို ဝန်ကြီးချုပ်က ဆွမ်းလောင်းလှူဖို့ လျှောက်ထားသည့်အခါ သံဃာတော်များက ဝန်ကြီးချုပ်နှင့် အဖွဲ့များကို လက်မခံခဲ့ပေ။ နိုဝင်ဘာလ ၂၉ ရက်နေ့ သံဃာတော်များကို အကြမ်းဖက်သည့်လုပ်ရပ်မှာ ဝန်ကြီးချုပ် ဦးသာအေး၏ လက်ချက်ဖြစ်ခြင်းနှင့် ၎င်းတွင် တာဝန်အများဆုံး ရှိခြင်းတို့ကြောင့် ၎င်းဆက်ကပ်သော ဆွမ်းကို လက်မခံခြင်းဖြစ်ကြောင်း ယင်းကျောင်းရှိ သံဃာတပါးက ဧရာဝတီကို ပြောသည်။