လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂၉ ရက်နေ့၌ အင်အားသုံး အကြမ်းဖက် ဆောင်ရွက်ခဲ့မှုတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လည်း ပါဝင်ပတ်သက်နေသည်။
အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသည့် စီးပွားရေး ဦးပိုင်လီမီတက်သည် ကြေးနီစီမံကိန်းကြီး အပြင် မြန်မာနိုင်ငံ၏ အဓိကျသည့် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိသည်။
ထိုစီမံကိန်းသည် စစ်တပ်အတွက် အရေးပါသည့် စီမံကိန်းဖြစ်ပြီး စစ်တပ်မှ အငြိမ်းစားယူထားသည့် ရဲဘော်မိသားစုများအတွက် ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စုလွှတ်တော် ၌ ဖြေဆို ခဲ့သေးသည်။
ထိုစီမံကိန်းသည် စစ်တပ်ပိုင် ဦးပိုင် လီမိတက်နှင့်တရုတ်နိုင်ငံတို့အကြား အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် မျက်နှာမပျက်စေလိုကြောင်း ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကြေးနီစီမံကိန်းနှင့်ပ တ်သက်၍ ဖြေဆိုသွားသည်။
ဦးပိုင် လီမီတက်အား ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သေးသည်။
ဦးပိုင် လီမိတက်သည် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကိုလည်း ကုမ္ပဏီပေါင်း ၅၀ ဝန်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း မောင်အောင်မျိုး ရေးသားသည့် Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်တွင် ဖော်ပြထားသည်။
ထို့အတူ ကြယ်ငါးပွင့်သဘောၤလိုင်း၊ ပြည်တွင်းရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် တခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားကြောင်း ဝီကီလိ(ခ်) အင်တာနက်စာ မျက်နှာ၌ ဖော်ပြထားသည်။ အလားတူ ပြည်ပ ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှှုန်းကိုလည်း ဦးပိုင် လီမိတက်က တင်ပို့ခွင့် ရရှိထားသည်။
ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်ဆောင်ရွက်နေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးနေခြင်းကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုလည်း မရှိပေ။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ဦးပိုင် လီမီတက်သည် စစ်အစိုးရလက်ထက် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများအပြားကို ဦးစီးထားပြီး လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ထိုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ချူပ်ကိုင်ထားဆဲ ဖြစ်သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားသည့် စီပွားရေး လုပ်ငန်းအများစုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်း ဝီကီလိ(ခ်) ၌ ဖော်ပြထားသည်။
ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ပြောသကဲ့သို့ ဦးပိုင်နှင့် ကြေးနီစီမံကိန်းသည် တပ်မတော် အောက်ခြေရဲဘော်များ၊ အငြိမ်းစား တပ်မတော်သားများ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းထားခြင်းဟု ပြောဆိုနေသည့်တိုင် အမှန်တကယ် အကျိုးအမြတ် ခံစားနေသူများမှာ တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်ကြောင်း သိရသည်။
တပ်ရင်းတခုလျှင် ကျပ်ငွေသိန်း ၂၀၀ မှ ၃၀၀ စီ ထည့်ဝင်ရကြောင်း၊ ထိုသို့ ထည့်ဝင်နိုင်ရန်အတွက် အောက်ခြေရဲဘော်များက အစ တပ်မတော်သားများ၏ လစာထဲမှ စုငွေအဖြစ် လစဉ် ဖြတ်တောက်သည့်အတွက် လစာကျပ်ငွေ တသိန်းအောက်သာ ရရှိသည့် ရဲဘော် မိသားစုများမှာစားဝတ်နေရေး ကျပ်တည်းလေ့ရှိသည်ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။
ဦးပိုင် လီမိတက်သည် ၂၀၀၇ ခုနှစ်တွင် ရင်းနှီးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၀၀၀ အထိခွင့်ပြုခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်၌ ရေးသားထားသည်။ ရှယ်ယာထည့်ဝင်ရသည့် တပ်ရင်းများအတွက် အကျိုးအမြတ်ငွေကို ရှယ်ယာအများစု ထည့်ဝင်သည့်သူများအား နှစ်စဉ်ထုတ်ပေးကြောင်းလည်း သိရသည်။