လက်ပံတောင်း ကြေးနီစီမံကိန်း ဆက်လက် လုပ်ကိုင်သင့် မသင့် စုံစမ်းရေးနှင့် အဆိုပါ စီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်း ဖွင့်ဆန္ဒပြသူများကို နိုဝင်ဘာလ ၂၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းခဲ့မှုများအတွက် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့ ပါဝင်ဆောင်ရွက်ရန် ဆန္ဒ မရှိ ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ဒီဇင်ဘာ ၂ ရက်နေ့စွဲဖြင့် ကြေညာချက်တွင် “အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။ သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒ မရှိပါကြောင်း အသိပေးအပ်ပါ သည်” ဟု ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော လက်ပံ တောင်းတောင် ဆိုင်ရာ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာတွင် ဒေါ်အောင်ဆန်းစုကြည် ကို ကော်မရှင် ဥက္ကဌအဖြစ်နှင့် နိုင်ငံရေးပါတီများ၊ လူမှုရေးနယ်ပယ်မှ စုစုပေါင်း ၂၉ ဦးဖြင့် ဖွဲ့စည်း တာဝန် ပေးထားရာ ၈၈ မျိုး ဆက် ကျောင်းသားများအဖွဲ့မှ ကိုပေါ်ဦးထွန်း (ခ) မင်းကိုနိုင်နှင့် ကိုကိုကြီးတို့လည်း ပါဝင်သည်။ ကြေညာချက် အပြည့်အစုံကို ဤနေရာတွင် ဖတ်နိုင်သည်။
လက်ပံတောင်းတောင် ကော်မရှင်အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျှက်ရှိသော ဖြစ်စဉ်များနှင့် ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်/ မသင့်အခြေနေမှန်ကို သိရှိရန်အတွက် လည်ကောင်း၊ ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြုပြီး စနစ်တကျ ဆောင်ရွက်ခြင်း ရှိ /မရှိ၊ ယင်းစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိ/ မရှိ၊ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း။ ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိသည့်အပေါ် သုံးသပ်ချက် အစရှိသည်များကို ယင်းစုံစမ်းရေးကော်မရှင်အဖွဲ့က သမ္မတရုံးထံသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အစီရင်ခံတင်ပြရမည်ဖြစ်သည်။
ဒေသခံများက လက်ပံတောင်းတောင် ကော်မရှင်အဖွဲ့ စုံစမ်းစစ်ဆေးနေစဉ်အတွင်း စီမံကိန်းကို ခေတ္တရပ်ဆိုင်းရန်အတွက် ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြကို တောင်းဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ယင်းကို ပယ်ချခဲ့ကြောင်း သိရသည်။
“လုပ်ငန်းတွေ လုပ်နေမှ ကော်မရှင်က စုံစမ်း စစ်ဆေးတာတွေ အကျုံးဝင်မယ်။ ဒါမှ သူတို့လုပ်နေတာတွေဟာ ဘယ်လောက်ထိ ဆိုးဝါးလည်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်ထိ ရှိလဲဆိုတာတွေ ကော်မရှင်က သိရမယ်။ အဲဒါကြောင့် ပုံမှန်အတိုင်းဘဲ လည်ပတ်နေပါစေ” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဝက်မှေးကျေးရွာသူ မအေးနက်က ဧရာဝတီကိုပြောသည်။
အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်များ အရ ယင်းစီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမယ်ဆိုလျှင် လက်ခံသွားမည် ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးတွင် ပါဝင်သော ဒေသခံတစ်ချို့က ပြောဆိုကြသည်။
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက၇၈၀၀ ကျော်သိမ်းဆည်း ခံထားရခြင်းကို မကျေနပ်ရာမှ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှုများ ယခုနှစ် မေလမှစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဝမ်ပေါင် ကုမ္ပဏီ အနီးဝန်းကျင်ရှိ သပိတ်စခန်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်းထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်း ရဲများက မီးသတ်ပိုက်များသုံး၍ ဖြိုခွဲ၊ မျက်ရည်ယိုဗုံး သုံးခြင်းဖြင့် အင်အားသုံးဖြိုခွင်းခဲ့သည်။ ယင်းအတွက်ကြောင့် ဒဏ်ရာရရှိသူများ များပြားခဲ့သည်။ ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံးဖြစ်ြ့ပီး တချို့သံဃာတော်များမှာ အသားရေများ လောင်ကျွမ်းပျက်စီးကုန်ကြသည်။
ယင်း အင်အားသုံးနှိမ်နင်းခြင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၃၀ရက်နေ့ ကျင်းပခဲ့သည့် မုံရွာ ဇက်ဆိပ်သောင်ပြင်ဟောပြောပွဲတွင် “ဘာလို့ ပြည်သူတွေကို ဒီလောက်ထိ လုပ်လဲဆိုတာ ကျွန်မ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးသွားမှာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလို လုပ်ခဲ့တာလဲ။ တကယ်တန်းပြောရရင် ဒီလောက်အထိ လုပ်ဖို့ လုံးဝမလိုအပ်ဘူး။ သံဃာတော်တွေရဲ့ ဒဏ်ရာတွေ တော်တော်ဆိုးတယ်။ ရွာသူ/ရွာသားတွေရဲ့ မီးလောင်ခံရတဲ့ ဒဏ်ရာတွေ တော်တော်ဆိုးတာဘဲ။ အဲဒီလောက်ကြီးထိ ဘာကြောင့်လုပ်ဖို့လိုလဲဆိုတာတွေ ပြည်သူတွေ သိဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်” ဟု ပြောခဲ့သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဆန္ဒပြမှုကို ဖြိုခွဲမှုသည် ဒီမိုကရေစီ စနစ်ကျကျ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရေးုယူ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်ရည်ယိုဗုံးကိုသာ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မီးလောင်ဗုံး မသုံးစွဲခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါကြေညာချက်ကို နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင်မူ စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြဝါဒခံယူပြီး သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။