သုံးစွဲသူအများစုက ကန့်ကွက်ခဲ့ကြသည့် မိုဘိုင်း အင်တာနက်အသုံးပြုခများကို Data Volume စနစ်ဖြင့် ကောက်ခံမည့် အစီအစဉ် ပြောင်းလဲကျင့်သုံးရန် ဖြစ်နိုင်ခြေ နည်းပါးသွားပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောဆိုလိုက်သည်။
ယခုနှစ်ကုန်တွင် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်ထားသကဲ့သို့ ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ယခုလက်ရှိ အသုံးပြု နေသည့် သုံးစွဲသူများ လက်ခံသော မိနစ်အလိုက် ဖြတ်တောက်ကောက်ခံသည့် စနစ်ကိုသာ ဆက်လက် ကျင့်သုံးသွားဖွယ် ရှိနေကြောင်း ၎င်းက ဆိုသည်။
“အခုပြောင်းမယ့်စနစ်ကို ကန့်ကွက်တဲ့သူတွေက များနေပါတယ်။ ယတိပြတ်တော့ မဆုံးဖြတ်ရသေးဘူး။ ဒေတာ အလိုက် ကောက်မယ် ဆိုရင်လည်း ဘယ်နှုန်းထားဆို အသင့်တော်ဆုံး ဖြစ်မလဲဆိုတာတွေကိုပါ တပြိုင်တည်း ထည့်သွင်းစဉ်းစားပြီး နှိုင်းယှဉ်နေပါတယ်။ သေချာတာကတော့ ကျတော်တို့ကလည်း သုံးစွဲသူတွေအ ဆင် ပြေမယ့်နည်းလမ်း၊ သူတို့ လက်ခံတဲ့ မိနစ်အလိုက် အသုံးပြုခတွေကို ဖြတ်တောက်တဲ့ စနစ်ကိုပဲ ဆက်လက် ကျင့်သုံးသွားနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းအင်တာနက်အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏ အလိုက် ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းအစီအစဉ်ကို သုံးစွဲသူများ ကန့်ကွက်နေသည့် ကြားမှပင် ဆက်လက် ဆောင်ရွက်မည်ဟုလည်း မီဒီယာသို့ သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားဝင်ပြောဆိုခဲ့သည်။
အဆိုပါ ဒေတာအလိုက် ကောက်ခံမည့်စနစ်ကို မကျေပ်နပ်ကြသူများက ကန့်ကွက်ဆန္ဒ ပြခြင်းများ ပြုလုပ်မည် ဆိုပါကလည်း ပြုလုပ်နိုင်ကြောင်းနှင့် ယင်းအတွက် ဆက်သွယ်ရေးဘက်က မည်သို့မျှ ပြင်ဆင်မှု ရှိမည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြား ခဲ့သော်လည်း ကန့်ကွက်ဝေဖန်ထောက်ပြမှုများမှာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ များပေါ်တွင် ဆက်တိုက် တက်ရောက် လာခဲ့ခြင်းကြောင့် မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်မတိုးနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တခြား ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများသည် အများပြည်သူက ကန့်ကွက်နေသည့် ဒေတာအလိုက် မိုဘိုင်း အင်တာနက် သုံးစွဲခ ကောက်ခံမည့်စနစ်ကို ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း မဆောင်ရွက်တော့ရန် ယတိပြတ် ဆုံးဖြတ်ချက် မချမှတ်ရ သေးသော်လည်း သုံးစွဲသူများအားလုံး လက်ခံမည့် နည်းလမ်းကို ရွေးချယ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးက ပြောင်းလဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့် ဒေတာအလိုက် ကောက်ခံမှုစနစ်နှင့် ပတ်သက်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူ အမျိုးသားတဦးက “အစကတည်းက မိနစ်အလိုက် ကောက်တဲ့ စနစ်ကိုပဲ လုပ်သင့်တယ်။ ဒေတာအလိုက် စနစ်က သုံးစွဲသူတွေ အားလုံးအတွက် အဆင်မပြေနိုင်ဘူး။ ဒီလိုမျိုး စနစ်တခုကို လုပ်လိုက်၊ မလုပ်လိုက်နဲ့ ဆိုတာ မကောင်းဘူး။ တခါတည်း သုံးစွဲသူအားလုံး အဆင်ပြေမယ့်နည်းလမ်းကို အစကတည်းက ရွေးချယ်သင့်တယ်” ဟု သုံးသပ်သည်။
ဝန်ကြီးဌာနတွင်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသည် ဆိုသည့် ယခုအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် သုံးစွဲသူများ၏ ဝေဖန်မှုများ၊ ကန့်ကွက်မှုများကို ဆက်တိုက် ရင်ဆိုင်နေရသည်။
“လူတွေက ခဏခဏ ဝေဖန်နေရင် ဒါဟာ သူတို့ရဲ့ ဝန်ဆောင်မှု မကောင်းဘူးဆိုတာ ပြသနေတာ ဖြစ်တယ်” ဟု စင်ကာပူ နိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသား ကွန်ပျူတာပညာရှင် လူငယ်တဦးက ထောက်ပြပြောဆိုသည်။
ယခုလက်ရှိ အစိုးရသက်တမ်းအတွင်း ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူနှင့် အံဝင်ခွင်ကျ နှုန်းထားများဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုမှုများ မကြာခဏ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိတွင်မူ ပြည်တွင်း၏ မိုဘိုင်းဖုန်းကဏ္ဍ၊ အင်တာနက် ဆက်သွယ်မှု ကဏ္ဍများသည် အခြေခံလူတန်းစား အားလုံးနှင့် တထပ်တည်း မကျသေးဟု ပြည်တွင်း၊ ပြည်ပရှိ ကွန်ပျူတာ ပညာရှင်တချို့က သုံးသပ် ပြောကြားသည်။