ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဆုတ်ပေးခဲ့ရသည့် အရေးပါသော ရှေ့တန်းတပ် စခန်းတခုကို ယမန်နေ့က အစိုးရတပ်ဖွဲ့ဝင်များထံမှ ပြန်လည် သိမ်းပိုက်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၇ နှင့် ၇၄ တပ်ဖွဲ့ဝင်တို့က KIA တပ်ဖွဲ့ဝင် များထံမှ သိမ်းပိုက်ထားသည့် ရှေ့တန်းတပ်စခန်းကို ပြန်လည် သိမ်းပိုက်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေး မှူး ဦးလနန်က ပြောသည်။
“နေ့တိုင်း အဲဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဒါပေမယ့် မနေ့က မနက်မှာတော့ အဲဒီ စခန်းကို KIA က ပြန်ရလိုက်တယ်” ဟု ၎င်းက ဆိုသည်။
သိမ်းပိုက်ထားသည့် ယင်း တောင်ကုန်းတွင် KIA က အမြဲတမ်း တပ်စွဲရန် အထက်မှ ညွှန်ကြားချက် စောင့်ကြောင်းလည်း သိရသည်။
“အဲဒီတောင်ကုန်းမှာ မြန်မာအစိုးရ စစ်တပ်ကနေပြီးတော့ နေရာယူထားတယ်ဆိုရင် ဒုက္ခသည်တွေ အပါအဝင် ကျနော်တို့မှာရှိတဲ့ တခြား တပ်စခန်းတွေ အတွက်လည်း လုံခြုံမှု မရှိဘူး။ ဒါကြောင့် အဲဒီစခန်းကို မဖြစ်မနေ ပြန်ယူရတယ်” ဟု ဦးလနန်က ဆက်ပြောသည်။
အစိုးရအနေနှင့် ယင်းတပ်စခန်းမှ တဆင့် KIA တပ် စခန်းများနှင့် ဒုက္ခသည် စခန်းတည်ရှိရာ အနီးအနားသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ဖူးကြောင်း ၎င်းက ဆိုသည်။
ယခုလ ဒီဇင်ဘာလဆန်းပိုင်း ၁ ရက်မှ စတင်၍ ယမန်နေ့အထိ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲတွင် KIA ဘက်မှ ၄ ဦး ကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိပြီး အစိုးဘက်က အကျအဆုံး စာရင်းကို မသိရသေးကြောင်း KIA ဘက်က ပြောသည်။
စစ်ရေးအရ နှစ်ဖက်တပ်များ စစ်ရေးတင်းမားနေပြီး ယနေ့ အခြေအနေကို မသိရသော်လည်း အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံးပြု၍ ရိက္ခာအပါအဝင် စစ်တပ်အင်အား တိုးချဲ့နေကြောင်း သိရသည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ခေါင်းဆောင်များ အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးလနန်က ရှင်းပြသည်။
ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက “ကျနော်နားလည်တာက KIO ဘက်က တောင်းဆိုတာက နိုင်ငံရေး ဆွေးနွေးမယ်၊ ဒီလိုမျိုး နိုင်ငံရေး ပြဿနာတွေ ရှင်းပြီးသွားရင် မလိုတော့ဘူး၊ သူတို့ပြောတာကိုလည်း ကျနော်က မှားတယ်လို့ မငြင်းလိုဘူး၊ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးတာဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်လည်း မသိဘူး။ အဲဒီကြားထဲမှာ စစ်ပွဲတွေ ဖြစ်နေမှာတော့ ကျနော် မလိုလားဘူး။ ဒါကိုတော့ မြန်မြန်လေ ပြီးသွားစေချင်ပါတယ်” ဟု ဆိုသည်။
အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကုလသမဂ္ဂ (UN) မှ အကူအညီပေးလို သော်လည်း မြန်မာအစိုးရက လုံခြုံရေး အခြေအနေအရ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် စစ်ဘေးသင့် ဒေသများသို့ ဝင်ရောက် အကူအညီပေးနိုင်ရန် မြန်မာ အစိုးရထံတွင် ခွင့်ပြုချက် တောင်းထားကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ပြီးခဲ့သည့် သတင်းပတ်တွင် ပြောကြားခဲ့သည်။