[irrawaddy_gallery]
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော်တွင် အမျိုးသားနေ့ (ဒီဇင်ဘာ ၈ ရက်) က ဘုရား ဖူးများ သောင်းနှင့်ချီ၍ အဆ မတန် များပြားခဲ့ကြာင်း ဘုရား ဂေါပက အဖွဲ့နှင့် ဘုရားဖူး အဖွဲ့များက ပြောသည်။
“အမျိုးသားနေ့ တရက်တည်းမှာတင် တောင်ပေါ်ကိုတက်တဲ့ ကားအခေါက်ရေ ၇၀၀ ရှိတယ်။ တခေါက်ကို အယောက် ၅၀ ကျော်နဲ့ တွက်ရင်တောင် ကားနဲ့ တက်တဲ့သူချည်းပဲ ၄၀၀၀၀ လောက်ရှိတယ်။ မနှစ်ကထက် ပိုများမယ်လို့ မှန်းထားတယ်”ဟု ကျိုက်ထီးရိုး ဘုရား ဂေါပက ဥက္ကဌ ဦးစံမြင့်က ဧရာဝတီ သို့ ပြောသည်။
ယမန်နှစ်က ဘုရားဖူး ရာသီ၌ ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော ဘုရားဖူး ဧည့်သည် ခန့်မှန်းခြေ ၁၀ သိန်း ကျော် ရှိကြောင်း လည်း ၎င်းက ပြောပြသည်။
ကျိုက်ထီးရိုး ဘုရားဖူး ခရီးသည် တဦးဖြစ်သည့် ဒေါ်နေမင်းမင်းဝေ့ ကလည်း ခရီးသွား အများအပြားမှာ ကျိုက်ထီးရိုး တောင်ခြေသို့ မရောက်မီ ၉ မိုင် အကွာ ကျိုက်ထိုလမ်းခွဲအထိ စုပြုံနေကြောင်း၊ တောင်ခြေ ရောက်ရန် ၎င်းတို့ကားများကို ထားခဲ့ပြီး ဆိုင်ကယ် ကယ်ရီများဖြင့် တောလမ်းမှ သွားခဲ့ရကြောင်း၊ ၎င်းမှာ ကင်မွန်း စခန်းမှ လှည့်ပြန်လာခဲ့ရကြောင်း ပြောသည်။
“တောင်ပေါ်ကို မရောက်ခဲ့ဘူး။ ကင်းမွန်းစခန်းကိုတောင် ၆ မိုင်လောက် ဝေးသေးတဲ့ ဝင်းကလော့ ရွာကနေ ဆိုင်ကယ် ကယ်ရီနဲ့ ထင်းရှုး တောထဲက ဖြတ်သွားရတယ်”ဟု ဒေါ်နေမင်းမင်းဝေ့ က ပြောပြသည်။
ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့ဝင်တဦးကလည်း “အရင် ဒီလို တခါမှ မဖြစ်ဖူးဘူး။ ဒါ ပထမဆုံးပဲ။ အဲဒီတုန်းက အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေနဲ့လည်း တိုက်ဆိုင်သွားတော့ ဘုရားဖူးလာတဲ့ လူတွေ အရမ်းကို များသွားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ အတွင်း တချို့သောဒေသများတွင် မငြိမ်းချမ်းမှုများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါ ဒေသများသို့ ခရီးမသွားတော့ဘဲ ကျိုက်ထီးရိုးသို့ စုပြုံ လာရောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ရွှေကြေးစည် ဘုရားဖူး လုပ်ငန်းပိုင်ရှင် ဦးတင်ထွေးက ဆို သည်။
“တချို့ခရီးသွားဒေသတွေက နိုင်ငံရေး အခြေအနေကြောင့် သွားမရတာတွေရှိတော့ ဘုရားဖူးတွေက ဒီကျိုက်ထီးရိုး ခရီးစဉ်မှာ လာပြုံသွားတာလည်း ပါတယ်။ ပြီးတော့ တန်ဆောင်တိုင်တုန်းက ထင်သလောက် သိပ်မစည်ခဲ့တော့ ဒီရက်ကျမှ စည်တာလည်း ပါတယ်”ဟု ၎င်းက ပြောသည်။
ရွှေကြေးစည် ဘုရားဖူး ဂိတ်မှ ယာဉ်မောင်း တဦးကလည်း ကားများ တင်သွင်းခွင့်ရပြီး နောက်ပိုင်း ကိုယ်ပိုင်ကားများဖြင့် လာသော ဘုရားဖူး များပြားလာသည့် အတွက် ကျိုက်ထီးရိုး တောင်ခြေမရောက်မီ ၉ မိုင်အလို ကျိုက်ထိုလမ်းခွဲအထိ ကားများ ပြည့်ကျပ်သွားခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“ဒီနှစ်ခရီး သွားတွေ က ဘုရားဖူးဂိတ်တွေအပြင် ကိုယ်ပိုင်ကားနဲ့ လာတဲ့ သူတွေလည်း များတယ်။ တချို့ ကားပြန်ထွက် မရလို့ ပိတ်မိနေတဲ့ သူတွေ ရှိတယ်။ တောင်ပေါ်လည်း တက်မရဘူး။ ပြန်လှည့်လို့လည်း မရနဲ့။ တော်တော် ဒုက္ခရောက်တယ်”ဟု အထက် ပါ ယာဉ်မောင်းက ပြောဆိုသည်။