မြန်မာနိုင်ငံသည် လူကုန်ကူးမှုများ အပြင် ကလေးသူငယ် ကူးသန်းရောင်းဝယ်ရေး များတွင် အလွန်ဆိုးရွားသည့် အခြေအနေ ရှိခဲ့ရာမှ ယခင်နှစ်က အနည်းငယ် ကျဆင်းခဲ့ပြီး စောင့်ကြည့်ရမည့် အနေအထားသို့ တိုးတက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်တားဆီးရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးပညာပေးဌာန – မြန်မာနိုင်ငံ (HREIB) မှ ဦးစီးပြီး ကရင် အမျိုးသမီးအဖွဲ့ Action Group နှင့် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (UNIAP) စသည့်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Excel Hotel ၌ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ HREIB အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အထက်ပါအတိုင်း ပြောခဲ့သည်။
ကလေး ကူးသန်းရောင်းဝယ်မှု အပါအဝင် လူကုန်ကူးမှုသည် မြန်မာနိုင်ငံတွင် အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ၌ ထုတ်ပြန်ထားပြီး အမေရိကန်အစိုးရက ထုတ်ပြန်သည့် အစီရင်ခံစာ၌လည်း ယခင်က အလွန်ဆိုးရွားသည့် အဆင့်မှ ယမန်နှစ်ကမူ အနည်းငယ် ကျဆင်း၍ စောင့်ကြည့်ရမည့် အခြေအနေသို့ တိုးတက်လာသည်ဟု ပါရှိသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ထိုနေ့အတွက် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့သည်မှာ ၅ နှစ်တိုင်တိုင် ကြာခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့ ခမ်းနားစွာ ကျင်းပသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနယ်စပ်နှင့် အရှေ့တောင် အာရှနိုင်ငံများတွင် ကျင်းပ ပြုလုပ်ခဲ့သည်မှာ ၇ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စာချုပ်အပြင် နောက်ဆက်တွဲ စာချုပ်တခု ဖြစ်တဲ့ ကလေးများကို ရောင်းချခြင်း၊ ညစ်ညမ်းစာပေများတွင် အသုံးပြုခြင်းဆိုင်ရာ စာချုပ်ကိုလည်း ဒီနှစ်ထဲမှာ အတည်ပြု လက်မှတ်ရေးထိုး ထားတယ်” ဟု ကလေး ကူးသန်းရောင်းဝယ်မှု တားဆီးရေးကွန်ယက် (မြန်မာနိုင်ငံ) မှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုထက်မြတ်က ပြောသည်။
လူကုန်ကူးမှုများ ကဲ့သို့ပင် ကလေးသူငယ်များအား အိမ်ဖော်များ၊ ပြည့်တန်ဆာများအဖြစ် မတရား စေခိုင်းမှုများလည်း ပိုမိုများလာပြီး ထိုသို့ ပြုမူခံရသည့် ကလေးသူငယ်များသည် အသက် ၁၀ နှစ် ဝန်းကျင်အရွယ်များ ဖြစ်ကြောင်း သိရှရသည်။
“လူကုန်ကူးမှုအပြင် လူကုန်ကူးမှုမမြောက်တဲ့ မတရားခိုင်းစေမှုတွေပါ များလာတဲ့အတွက် ကျမတို့အဖွဲ့အနေနဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ NGOတွေ၊ UNအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးမှုနဲ့ ပတ်သက်တာတွေကို တားဆီးနိုင်အောင် လုပ်မယ်လို့ သန္နိဌာန်ပြုထားပါတယ်” ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး (ဗဟို) အဖွဲ့မှ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဆိုသည်။
လူကုန်ကူးမှုများတွင် လူကြီးများထက် ကလေးသူငယ်များ ပိုမိုကြုံတွေ့နေရခြင်းမှာ ကလေးသူငယ်များကို ရောင်းချလျှင် ငွေအမြတ်အစွန်း ပိုမိုရပြီး ထိုကလေးများက ပြန်လည် တရားစွဲဆိုရန် ကြောက်ရွွံ့တတ်ကြခြင်းကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးမှ တာဝန်ရှိသူ ဒေါ်ဥမ္မာအိအိချောက ပြောသည်။
“ကုလသမဂ္ဂ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး စီမံချက်ကလည်း လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းကို တခြားအဖွဲ့တွေနဲ့ ပေါင်းလုပ်တာ ၁၀ နှစ်ရှိပြီ။ ဒါပေမယ့် ပိုပို များလာတယ်။ အဲဒါဘာလို့လဲဆိုတော့ ဆင်းရဲကျပ်တည်းတာရယ်၊ အခက်အခဲ တွေရယ်ကြောင့် အခုလိုတွေ ဖြစ်နေရတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယမန်နေ့က အခမ်းအနား ကျင်းပပြုလုပ်ရခြင်းသည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများ ပိုမိုတိုးများလာပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ စသည့် အိမ်နီးချင်း နိုင်ငံ များသို့ သာမကအရှေ့တောင် အာရှ နိုင်ငံများအထိ စေလွှတ်ရောင်းချ ခံနေရခြင်းများကြောင့် အပြင် ကလေးသူငယ်များ ကူးသန်းရောင်းဝယ်မှု၏ ဆိုးကျိုးများ၊ အန္တရာယ်များကို ကလေးများ ပိုမိုသိလာရန် ရည်ရွယ်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် မြန်မာပြည်တွင် ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်သော်လည်း လူကုန်ကူးမှု တားဆီးရေးမှ တာဝန်ရှိ သူများ၊ ကုလသမဂ္ဂမှ မဲခေါင်ဒေသအတွင်း ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး ဆောင်ရွက်နေသည့် UNIAP မှ အဓိက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ ကလေးသူငယ်များ ပါဝင် တက်ရောက်ခဲ့သည်။
“အရင်က ဒီအခမ်းအနားကို လူထုအခြေပြု အဖွဲ့အစည်းတွေက သတ်သတ်၊ အစိုးရအဖွဲ့အစည်းတွေက သတ်သတ် လုပ်ခဲ့ပေမယ့် အခုလို အခမ်းအနားမှာ လာရောက် ဆုံတွေ့ရခြင်းအားဖြင့် တယောက်နဲ့တယောက် ပိုမိုနားလည်ပြီး လက်တွဲနိုင်မယ့် နည်းလမ်းတွေ ဖော်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် သူများထဲတွင် ထိုင်း – မြန်မာနယ်စပ်ရှိ ကလေးကူးသန်းရောင်းဝယ်မှု ပညာပေး လုပ်ငန်းများလုပ်နေသည့် United Act အဖွဲ့နှင့် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ မြို့နယ်များရှိ ကလေးများလည်း ပါဝင်ကြောင်း သိရသည်။
“အဲဒီကလေးတွေက များသောအားဖြင့် မိဘမဲ့ဂေဟာ၊ ကလေးဂေဟာနဲ့ အထူးစောင့်ရှောက်မှု လိုအပ်လို့ ဂေဟာမှာ ကာကွယ်ပေးနေရတဲ့ ကလေးတွေများပါတယ်။ အဲဒီလို ကလေးတွေက လူကုန်ကူးမှု ခံရနိုင်ချေ ပိုများတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးမှုများ ရှိနေသေးသကဲ့သို့ပင် အရွယ်မရောက်သေးသည့် ကလေးများအား စေခိုင်းမှုများနှင့် ကလေးသူငယ်များအား စွန့်ပစ်မှု များလာကြောင်း၊ ကလေးစစ်သားများနှင့် ပတ်သက်သည် များလည်း ယခုချိန်အထိ ပြည့်ပြည့်ဝဝ အောင်မြင်မှု မရှိသေးကြောင်း၊ ပညာရေး၊ ကျန်းမာရေးများလည်း အလွန် နိမ့်ပါးနေသေးသည်ကို တွေ့မြင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
ဆင်းရဲမွဲတေမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ပြည်သူများက မိမိဒေသတွင် မနေထိုင်နိုင်တော့ဘဲ ရေကြည်ရာ၊ မြက်နုရာရှာရင်း ယခုကဲ့သို့ လူကုန်ကူးမှုများ ဖြစ်လာကြောင်း၊ ယခင်က ထိုင်းနိုင်ငံသို့သာ ကူးသန်းရောင်းဝယ်မှု လမ်းကြောင်း ရှိရာက ယခုအခါတွင် တရုတ်နိုင်ငံကို သတို့သမီးအဖြစ် အတင်းအကျပ် စေလွှတ်ခြင်းများပါ ပြုလုပ်လာကြကြောင်း သိရှိရသည်။
လူကုန်ကူးမှုသည် ယခင်က ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး ဒေသတွင်းလုံခြုံမှုမရှိသော တိုင်းရင်းသား ဒေသများနှင့် တနင်္သာရီ တိုင်းဒေသတို့တွင်သာ အများဆုံး တွေ့ရသော်လည်း ယခုနောက်ပိုင်းတွင်မူ ရန်ကုန်ကဲ့သို့ မြို့ကြီးများရှိ အမျိုးသမီးများ၊ အမျိုး သားများ ကိုယ်တိုင်ပင် ကူးသန်းရောင်းဝယ် ခံနေရကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသူများက ဆိုသည်။