တော်ဝင် သစ်အချောထည်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများသည် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်၍ လုပ်ငန်းခွင် ပြန်ဝင်ကြ တော့ မည် ဖြစ်ပြီး အလုပ်သမားများကို အလုပ်မဝင်ခိုင်းခြင်း၊ ဖိအားပေး ခွဲခြားခြင်းများ မရှိစေရန် အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ခရိုင်အဆင့်၊ တိုင်းအဆင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင် သစ်စက်မှ အလုပ်သမားများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ယမန်နေ့က တွေ့ဆုံညှိနှိုင်းရာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက ပြောပြသည်။
“ဦးကိုကိုထွေး(အလုပ်ရှင်) အယူခံဝင်နေတုန်းမှာ အလုပ်သမားတွေ အလုပ်ပြန်ဆင်းခွင့် ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ညှိနှိုင်းပေး ခဲ့တာပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ အလုပ်ပြန်ဆင်းပါမယ်”ဟုလည်း ၎င်းက ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆန္ဒပြအလုပ်သမားများ၏ စားဝတ်နေရေးကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက် နှင့် အခြားလူမူအဖွဲ့အစည်းများက တာဝန်ယူ၍ အဆင်ပြေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်၍ သစ်စက်အလုပ်သမားများကို ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက် လုပ်ကိုင်စေခြင်း အပါအဝင် အလုပ်ခွင်အတွင်း မမျှတသည့် စည်းကမ်းသတ်မှတ်ချက်များကြေင့် အလုပ်သမားများက ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတော်အဆင့် အလုပ်သမား ခုံသမာဓိ ကောင်စီက နိုဝင်ဘာ ၂၇ ရက်တွင် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက် လျောရန် ဆုံးဖြတ်ပေးခဲ့သော်လည်း ပိုင်ရှင် ဦးကိုကိုထွေးက ပြည်ထောင်စု လွတ်တော် တရားလွတ်တော်ချုပ်သို့ အယူခံဝင်ထားပြီး အလုပ်ဆင်းခွင့်မပြုရာမှ ဒီဇင်ဘာ ၃ ရက်နေ့က ရွှေပြည်သာ အလုပ်သမားရုံးတွင် စုရုံးခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ စတင်၍ မရမ်း ကုန်းရှိ ခရိုင် အလုပ်သမား ဦးစီးဌာန ရှေ့တွင် နေ့ည ၉ ရက်ဆက်တိုက် ဆန္ဒပြခဲ့သည်။ ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း အလုပ်သမား ခုံသမာဓိရုံး၊ နိုင်ငံတော်အဆင့် အလုပ်သမားခုံသမာဓိ ကောင်စီ တို့က ဆန္ဒပြ အလုပ်သမားများ၏ တောင်းဆိုချက်ကို အလုပ်ရှင်က လိုက်လျောရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း ဦးကိုကိုထွေးက အဆင့်ဆင့် အယူခံဝင်ခဲ့ပြီး နောက် ဆုံးအဆင့်ဖြစ်သော ပြည်ထောင်စု လွှတ်တော် တရားလွတ်တော်ချုပ်သို့ အယူခံဝင်ထားသည်။
အလုပ်သမားများ အနေဖြင့် လျော်ကြေးနှင့် နစ်နာကြေးငွေများ ရရှိရေးအတွက် အယူခံကာလ အပါအဝင် တရားရုံး အဆုံးအဖြတ် ရရှိရန် ၆ လ ခန့် စောင့်ရမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် မိုင်အဲမလီ နှင့် လဖိုင် ပူးပေါင်း ရေးသားသည်။